CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁

ပြင်သစ်နောက်ခံလူဟောင်း အီဗရာက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူ့ရဲ့ နိုင်ငံအသင်းဟာ အာဂျင်တီးနားနဲ့ မက်ဆီကို ရှုံးနိမ့်ခဲ့တာကြောင့် ကားထဲမှာ ငိုခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

အီဗရာက “ကျနော် ဒီပွဲကို တိုက်ရိုက်ကြည့်ပြီး ငိုခဲ့ရပါတယ်။ ဒါကို မမျှော်လင့်ထားပါဘူး။ ပြင်သစ်နဲ့ အာဂျင်တီး နားတို့ရဲ့ ဗိုလ်လုပွဲကို ကြည့်ပြီး ကားထဲကို သွားရောက် ငိုခဲ့ရတာပါ။ ဒါဟာ အမှန်အတိုင်း ပြောနေတာပါ။ ကျနော် ၃ ရက်ကြာအောင် နာကျင်ခဲ့ရပါတယ်။ ကျနော်ဟာ ပြင်သစ်အသင်းကို ချစ်တဲ့အတွက် အလွန်နာကျင် ခဲ့ရပါတယ်။ ဘတ်ပီကတော့ ဒီပွဲမှာ ဟတ်ထရစ် သွင်းခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ၃ ဂိုး သွင်းခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ ဒါကို မယုံ နိုင်စရာပဲလို့ မြင်မိကြောင်း”RMC နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပြင်သစ်အသင်းဟာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် နေတာကနေ ချေပဂိုးတွေ လိုက်သွင်းပြီး အချိန်ပို အပြီးမှာ ၃ ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကစားခဲ့ရတာပါ။ ပင်နယ်တီမှာ အာဂျင်တီးနားအသင်းက ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ဘတ်ပီကိုတွေ့ရစဉ်

အာဂျင်တီးနား အသင်းအတွက်တော့ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး ၃ ကြိမ်မြောက် ရရှိခဲ့တာပါ။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းသိမ်းဖို့ မျှော်လင့်ခဲ့ပေမယ့် ပင်နယ်တီနဲ့ အရေးနိမ့်ပြီး မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မက်ဆီက ရွှေဘောလုံးဆု ရရှိခဲ့ပြီး ဘတ်ပီက ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာတော့ ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်၊ အိုင်ယာလန်တို့နဲ့ ကစားခဲ့ပြီး ၂ ပွဲစလုံး အနိုင်ရရှိခဲ့သလို အာဂျင်တီးနား အသင်းကလည်း ပနားမား၊ ကူရာကာအို တို့နဲ့ ခြေစမ်းပွဲကစားခဲ့တာမှာ ၂ ပွဲစလုံး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source :Goal