CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄

ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ နေရာဝင်ဖို့အတွက် ကြီးမားတဲ့ ဖိအား တွေရှိတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ဝန်ခံလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ ထိပ်ဆုံး ၄ နေရာအတွက် တွန်းအားပေးဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ ဒီပြိုင်ပွဲက ခက်ခဲပါတယ်။ ဒါကိုထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်နေတဲ့ အသင်း ၇ သင်း၊ ၈ သင်းလောက်က တွက်ဆထားတယ်လို့ ကျနော်ထင်ပါတယ်။ ပရီးမီးယားလိဂ်ကို လိုက်ပြီးကြည့်တဲ့ သူတွေအတွက်တော့ စိတ် လှုပ်ရှားစရာဖြစ်လို့ အလွန်ကောင်းပါတယ်။ အမှတ်တွေရဖို့ အတွက်ဆို လူတိုင်းနဲ့ တိုက်ပွဲဝင်ရတာပါ”လို့ သတင်း ထောက်တွေကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားအပြီးမှာ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၃ မှတ် ကွာဟနေပေမယ့် ပွဲကစားခွင့် ၁ ပွဲလျော့ နည်းနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို ကိုင်တွယ်ရတာ ဖိအားများပေမယ့် သူ့အသင်းက ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့ အဲရစ်တန်ဟတ်က ပြောခဲ့တာပါ။

ယူနိုက်တက် အသင်း ကစားသမားများကိုတွေ့ရစဉ် (Getty Images)

 

အဲရစ်တန်ဟတ်က “ ဖိအားတွေ ရှိတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါက ချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်း နည်းပြတွေမှာလည်း အလားတူပါပဲ။ ဒီကလပ်တွေဟာ သူတို့ရဲ့ အသင်းတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံ ခဲ့ကြတာပါ။ သူတို့တွေ အားလုံးကလည်း ထိပ်ဆုံး ၄ သင်းကို ဝင်ချင်ကြတာပါပဲ။ ဒါကြောင့်လည်း ဒီကလပ်တွေ အားလုံးမှာ ကြီးမားတဲ့ ဖိအားတွေ ရှိနေကြပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကာရာဘောင်းဖလား ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာပါ။

ကွာတားဖိုင်နယ်မှာတော့ လိဂ်ဝမ်းကလပ် ချာလ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း ဟာ ဒီဇင်ဘာလ ၂၇ ရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

မန်ချက်စတာကလပ်ဟာ ဒီဇင်ဘာလ ၃၁ ရက်မှာတော့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal