CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂

မြန်မာအသင်းဟာ အုပ်စုကနေ နောက်တဆင့် မတက်နိုင်ခဲ့ပေမယ့် အသင်းမှာ အားသာချက်တွေ အများကြီးရှိ တယ်လို့ နည်းပြ အန်တွမ်နီဟေးက ဗီယက်နမ်နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အန်တွမ်နီဟေးက “အုပ်စုတွင်းမှာ အသင်းတွေက သူ့အားသာချက် အားနည်းချက် ကိုယ်စီရှိကြပြီး ကွာခြားမှု ကြီးကြီးမားမား မရှိပါဘူး။ ဗီယက်နမ် အသင်းက အသင်းကောင်း တစ်သင်းဖြစ်ပြီး သူတို့အသင်းမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိပါတယ်။ ကျနော်တို့ အသင်းကလည်း ပြီးခဲ့တဲ့ ၃ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖန်တီးခွင့်တွေ အများကြီး လုပ်ခဲ့တာပါပဲ။ ကောင်းမွန်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အလားတူပဲ နိုင်ပွဲ အတွက် လိုအပ်တဲ့ ဂိုးမရယူနိုင်ခဲ့သလို ဂိုးပေးခဲ့ရတဲ့ အားနည်းချက်တွေ ရှိပါတယ်။ အုပ်စုတက်ခွင့် မရတဲ့အတွက် ဝမ်းနည်းစရာပါ”လို့ ပြောခဲ့တာပါ။

 မြန်မာအသင်း ယှဉ်ပြိုင်နေစဉ်

မြန်မာအသင်းဟာ ဗီယက်နမ်နဲ့ ပွဲမတိုင်ခင် အုပ်စုတွင်း ၃ ပွဲ ကစားထားခဲ့တာမှာ မလေးရှားနဲ့ စင်ကာပူအသင်းကို အရေးနိမ့်ပြီး လာအိုအသင်းနဲ့ သရေကျခဲ့ပါတယ်။

အဲ့ဒါကြောင့် အုပ်စုတွင်းမှာ ရမှတ် ၁ မှတ်သာ ရရှိထားပြီး အုပ်စုကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူး အောင်ကောင်းမာန်ကတော့ အသင်းဟာ ရှေ့ပွဲစဉ် ၃ ပွဲကို ပြန်လည် သုံးသပ်ပြီးပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အောင်ကောင်းမာန်က “ပြီးခဲ့တဲ့ ၃ ပွဲစလုံးမှာ ကျနော်တို့အသင်း ဘယ်လို ကစားခဲ့တယ်ဆိုတာကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ ပွဲတိုင်းကို ကျနော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ စိုးမိုးပြီး ကစားနိုင်ခဲ့ပါတယ်။ ဂိုးရဖို့ အခွင့်အရေး တွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ ရသင့်သလောက် ဂိုးတွေမရဘဲ အသင်းရလဒ် မကောင်းဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ ပြန်လည်သုံးသပ်ပြီးပါပြီ”လို့ ပြောခဲ့တာပါ။

ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ဟာ ဇန်နဝါရီ ၃ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ မိုင်ဒင်း အားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။