CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃

ပေါ်တူဂီအသင်းရဲ့ ခေါင်းဆောင် ရော်နယ်ဒိုဟာ တောင်ကိုရီးယား အသင်းနဲ့ ပွဲစဉ်မှာ လူစားလဲချိန် နည်းပြနဲ့ အဆင်မပြေ ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းဆန် လိုက်ပါတယ်။

ရော်နယ်ဒိုက “ ကျနော်လူစားမလဲခင် ဘာဖြစ်ခဲ့လဲဆိုတော့ တောင်ကိုရီးယား ကစားသမားက မြန်မြန်ထွက်သွားဖို့ ပြောခဲ့ပါတယ်။ ကျနော်ကတော့ မင်းမှာ ဒီလိုပြောဖို့ အခွင့်အာဏာ မရှိဘူးဆိုပြီး ပါးစပ်ပိတ်ထားဖို့ ပြောလိုက်ပါ တယ်။ နည်းပြနဲ့ သဘောထား ကွဲလွဲမှု ဖြစ်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ပွဲစဉ် ၆၅ မိနစ်မှာ လူစားလဲခံရချိန် တောင်ကိုရီးယား ကစားသမားကို ရည်ရွယ်တဲ့ အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တူဂီ မီဒီယာတွေက ရော်နယ်ဒိုဟာ လူစားလဲ ခံရချိန်မှာ နည်းပြကို ရိုင်းစိုင်းတဲ့ ဘာသာစကား အသုံးပြုခဲ့တယ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်း ခေါင်းဆောင်ကတော့ ဒါကို ငြင်းဆန် သွားခဲ့ တာပါ။

တောင်ကိုရီးယားအသင်း ကစားသမားကို ရော်နယ်ဒို တုန့်ပြန်နေစဉ် 

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က “ ကိုရီးယားကစားသမားနဲ့ အပြန်အလှန် စကားပြောနေတာကို မြင်တွေ့ လိုက်ရပါတယ်။ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သံသယမရှိပါဘူး”လို့ လူစားလဲမှုနဲ့ ပတ်သက်ပြီး သတင်းထောက် ရဲ့ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုး မသွင်းယူနိုင်တာကြောင့် ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့ အူဆီဘီယိုရဲ့ စံချိန်ကို လိုက်မှီဖို့ လာမယ့်ပွဲတွေအထိ စောင့်ဆိုင်းရတော့မှာပါ။

အခုဆိုရင် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအတွက် ၈ ဂိုး သွင်းယူထားပြီး အူဆီဘီယိုက ၉ ဂိုး သွင်းယူ ထားပါတယ်။

ပေါ်တူဂီအသင်းဟာ တောင်ကိုရီးယားအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုပထမနဲ့ နောက်တဆင့်တက်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Reuters