CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁

ရော်နယ်ဒိုဟာ တောင်ကိုရီးယားအသင်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲ မတိုင်ခင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ပေါ်တူဂီအသင်းဟာ ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ၁၆ သင်းအဆင့်ကို တက်ရောက် ထားပြီးသားပါ။ အဲ့ဒါကြောင့် နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ တောင်ကိုရီးယားနဲ့ ပွဲစဉ်မှာ အဓိကကစားသမား တချို့ကို အနားပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပေါ်တူဂီသတင်းစာ Abola က ရော်နယ်ဒိုဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာမရှိပဲ အားကစားရုံမှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာလို့ ဖော်ပြထားတာပါ။

ဒါကြောင့်လည်း ရော်နယ်ဒို လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တာဟာ ပေါ်တူဂီအတွက် စိုးရိမ်စရာ အခြေအနေ မဟုတ်ဘူးလို့ သိရပါတယ်။

ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တာဟာ ရော်နယ်ဒို တစ်ဦးတည်း မဟုတ်ဘူးလို့ ဒေးလီးမေးလ်က ဖော်ပြထားတာပါ။

 ပေါ်တူဂီအသင်းဖော်တွေ လေ့ကျင့်ခန်းလုပ်နေစဉ် 

ပေါ်တိုကွင်းလယ်လူ အိုတာဗီယို၊ ပီအက်စ်ဂျီ ကစားသမားတွေဖြစ်တဲ့ ဒါနီလိုပါရဲရားနဲ့ နူနိုမန်ဒတ်စ်တို့လည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဂါနာနဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲမှာ ပေါ်တူဂီအတွက် ဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ရော်နယ်ဒို ဟာဆိုရင် ပြီးခဲ့တဲ့ ဥရုဂွေးနဲ့ပွဲမှာလည်း ဘရူနိုဖာနန်ဒက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်ခဲ့ ပေမယ့် သူနဲ့မထိခဲ့ဘူးဆိုပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တယ်ဆိုပြီး စပိန်သတင်းစာ မာကာရဲ့ ဖော်ပြခြင်း ခံထားရတာပါ။

လက်ရှိမှာ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ အာရုံစိုက်နေတာဖြစ်ပြီး ဒီပြိုင်ပွဲပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

Source: Daily Mail