CNI Entertainment News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

အက်ဒ်ရှီးရန်ဟာ အစ်စဝှစ်ချ်တောင်း ဘောလုံးအသင်းနဲ့ နောက်ထပ် စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း က ဖော်ပြထားပါတယ်။
အက်ဒ်ရှီးရန်ဟာ ဗြိတိန် အဆိုတော်နဲ့ သီချင်းရေးသူဖြစ်ပြီး သူ့ရဲ့ လိုဂိုဟာ ပြီးခဲ့တဲ့ရာသီက အစ်စဝှစ်ချ်တောင်း အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအသင်းတွေရဲ့ ဂျာစီပေါ်မှာ ပထမဆုံး ပါဝင်လာခဲ့ပါတယ်။

အက်ဒ်ရှီးရန် က “နောက်ထပ် ရာသီအတွက် အစ်ဝဝှစ်ချ်တောင်းကို စပွန်ဆာပေးရလို့ ကျနော်အလွန် ဝမ်းသာတယ်”လို့ ကြေညာချက် ထုတ်ခဲ့ ပါတယ်။

လိဂ်ဝမ်း ကလပ်ဖြစ်တဲ့ အစ်စဝှစ်ချ်တောင်းရဲ့ CEO မာခ့်အက်ရှ်တန်က အက်ဒ်ရှီးရန် ဆက်လက် ထောက်ခံမှု ပြသခဲ့တာဟာ အံ့သြစရာ ကောင်းတယ်လို့ ပြောပါတယ်။

မာခ့်အက်ရှ်တန် က “သူ့ရဲ့ ဆက်လက် ထောက်ခံ အားပေးမှုအတွက် အလွန် ကျေးဇူးတင်ပါတယ်။ မကြာခင်မှာ သူ့ကို အိမ်ကွင်း ပေါ့တ်မန်းရုတ်မှာ ထပ်မံကြိုဆိုဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။

အစ်စဝှစ်ချ်တောင်းအသင်း ကိုတွေ့ရစဉ် (BBC)

အစ်စဝှစ်ချ်တောင်းအသင်းဟာ ထုတ်လုပ်သူ အပြောင်းအလဲနဲ့အတူ အခုလကုန်ပိုင်းမှာ ကလပ်အသင်းရဲ့ ဂျာစီအသစ်တွေကို ထပ်မံပြသဖို့ ရှိနေပြီး အက်ဒ်ရှီးရန်ဟာဆိုရင် ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ အိမ်ကွင်းကို ပုံမှန် လာရောက် လည်ပတ်တယ်လို့ လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အစ်စဝှစ်ချ်တောင်းအသင်းဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ဝမ်းပြိုင်ပွဲမှာ ရမှတ် ၇၀ နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်တာကြောင့် လာမယ့်ရာသီ လိဂ်ဝမ်းမှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

ဒီလိဂ်ဝမ်းအသင်းကို မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြအဖွဲ့အဝင် အဖြစ် ဆောင်ရွက်ခဲ့တဲ့ မက်ကန်နာက ကိုင်တွယ် နေပါတယ်။ အစ်စဝှစ်ချ်တောင်းအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂၀၀၁-၀၂ ရာသီက နောက်ဆုံး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါ တယ်။

အဆိုပါ ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ပြီးနောက် အစ်စဝှစ်ချ်တောင်းအသင်းဟာ ချန်ပီယံရှစ်နဲ့ လိဂ်ဝမ်းပြိုင်ပွဲ တွေမှာသာ ကျင်လည်နေခဲ့ရပါတယ်။

အစ်စဝှစ်ချ်တောင်းအသင်းဟာ ပရီးမီးယားလိဂ်လို့ နာမည်မပြောင်းခင် ၁၉၆၁-၆၂ ရာသီက ပထမတန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ၁၉၇၇-၇၈ က အက်ဖ်အေဖလားနဲ့ ၁၉၈၀-၈၁ ရာသီမှာ ယူအီးအက်ဖ်အေ ဖလားကို ရယူနိုင်ခဲ့တဲ့ အသင်း လည်း ဖြစ်ပါတယ်။

Source: BBC