CNI International News

ဖနွမ်ပင်ဧပြီ ၁၆

ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ ခမာနှစ်သစ်ကူး အားလပ်ရက်များ၌ နိုင်ငံတဝန်း ခရီးသွားဧည့်သည် ၈၆၀,၀၀၀ ကျော် လာ ရောက် လည်ပတ်ခဲ့ကြောင်း ကမ္ဘောဒီးယား ခရီးသွားဝန်ကြီးဌာန၏ စာရင်းများကို ကိုးကားလျက် ဖနွမ်ပင်ပို့စ် သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

နှစ်သစ်ကူး ပွဲတော်၌ ပါဝင်ဆင်နွှဲသူ ၈၆၂,၈၉၇ အနက် ၈,၂၄၃ ဦးသည် ပြည်တွင်းသို့ လာရောက် နေထိုင်သော နိုင်ငံခြားသား ဧည့်သည်များဖြစ်ကြကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ခမာနှစ်သစ်ကူးပွဲတော်(ကမ္ဘောဒီးယားသင်္ကြန်)ကျင်းပနေစဉ်

ကန်ပေါင်ချာနန်းပြည်နယ်သို့ လာရောက်သူ ဧည့်သည်ဦးရေမှာ ၁၆၀,၇၄၀ ဖြင့် အများဆုံးဖြစ်ပြီး ထို့နောက် ဘက်တန်ဘန်းသို့ ၁၀၇,၂၅၄ ဦး၊ ပါဆက်သို့ ၈၃,၈၉၆ ဦး စသည်ဖြင့် အသီးသီးရှိခဲ့သည်။

ယခုနှစ် ခမာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူး အားလပ်ရက် ပထမနေ့တွင် ခရီးသွားဦးရေ အထူးများပြားခဲ့ကြောင်း ဝန်ကြီးဌာန က မှတ်ချက်ချခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် Covid-19 ကူးစက်ရောဂါ မတိုင်မီ ကာလထက် ခရီးသွား အရေအတွက် ၈၁၆,၄၆၉ ဦး ပိုမိုများပြားစွာ လာရောက်ကြောင်း စံချိန်တင်ခဲ့၍ တိုးတက်မှုနှုန်းမှာ ၅ ဒသမ ၆၈ ရာခိုင်နှုန်းဟု သိရသည်။

ခမာနှစ်သစ်ကူးပွဲတော်(ကမ္ဘောဒီးယားသင်္ကြန်)ကျင်းပနေစဉ်

နှစ်နှစ်ကျော်ကြာ ကပ်ရောဂါကြောင့် အတားအဆီးများကို နိုင်ငံတဝန်း ချမှတ်ထားရာမှ ကမ္ဘောဒီးယားအစိုးရက ယခုနှစ်တွင် ပြန်လည်ခွင့်ပြုခဲ့ရာ ဆောင်ခရမ်ရေသဘင်(ကမ္ဘောဒီးယားသင်္ကြန်)၌ ယခင် အစဉ်အလာအတိုင်း ဖျော်ဖြေရေးများ ထည့်သွင်း နိုင်ခဲ့ခြင်းကြောင့် ခရီးသွားဦးရေမှာ အထက်ပါအတိုင်း တိုးတက်လာခဲ့သည်။

ပြည်နယ် ၄ ခုတွင် နှာခေါင်းစည်း (mask) ဝတ်ဆင်စေခြင်းကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း အပန်းဖြေစခန်း နေရာတိုင်း နှင့် တခြား ခရီးသွား ဆွဲဆောင်ရာ နေရာများတွင် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ စည်းမျဉ်းများကို ဆက်လက် လိုက်နာရန် အာဏာပိုင်များက သတ်မှတ်ထားခဲ့သည်။

Source: Phnompenh Post