CNI International News

ဘန်ကောက်၊ မတ် - ၉

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်အမျိုးသမီးငယ်များတွင် ထိုင်းကျောင်းဝတ်စုံများကို ဝတ်ဆင်မှု ပြန်လည် ခေတ်စားလာကြောင်းနှင့် ယင်းကို ပညာရေးဝန်ကြီးဌာနဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ဆောင်ရွက်မှု မရှိသေးကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။

ကျောင်းသားအစစ် မဟုတ်သည့်တိုင် ကျောင်းတံဆိပ် သို့မဟုတ် ကျောင်းအမှတ်အသား မပါဝင်သော ကျောင်း ဝတ်စုံများ ဝတ်ဆင်ခြင်းသည် မည်သည့် ပြဿနာမှ မရှိပေ။

သို့သော် ကျောင်းတံဆိပ် ပါဝင်သည့် ကျောင်းဝတ်စုံ အစစ်ကို ဖက်ရှင်အရ ဝတ်ဆင်ပြီး ဝတ်စုံနှင့် ပတ်သက်နေသော ကျောင်း၏ ဂုဏ်သိက္ခာ ထိခိုက်မှု ဖြစ်စေရန် တစ်စုံတစ်ခု လုပ်ဆောင်ခဲ့မည်ဆိုလျှင် ထိုသူသည် အရေးယူမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုင်းကျောင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရစဉ်

ယင်းကို ထိုင်းသို့ လာရောက်သော ခရီးစဉ်များအပြင် ထိုင်းနိုင်ငံသား အများစုပင် သတိမထားမိပေ။

သို့သော် ထိုင်းနိုင်ငံတွင် ကျောင်းသားဝတ်စုံဆိုင်ရာ ဥပဒေတစ်ခုရှိနေပြီး ယင်းကို ချိုးဖောက်မည်ဆိုလျှင် အရေးယူခံရမည် ဖြစ်သည်။

ခရီးသွားဧည့်သည် တစ်ဦးအနေဖြင့် ကျောင်းတံဆိပ်များ ပါဝင်သော ဝတ်စုံကို ဝတ်ဆင်၍ မလျော်ကန်သည့် တစ်ခုခုကို လုပ်ဆောင်ခဲ့မည်ဆိုလျှင် ထိုသူအား သက်ဆိုင်ရာကျောင်းမှ တရားစွဲဆိုနိုင်သည်ဟု အခြေခံပညာရေး ကော်မရှင်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူးဖြစ်သူ အမ်ပွန် ပီနာဆာ (Amporn Pinasa) က Thai PBS သတင်းသို့ ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

ထိုသို့ ကျောင်းဝတ်စုံကို ဖက်ရှင်ရေစီးကြောင်း တစ်ခုအနေဖြင့် ဝတ်ဆင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာနတို့ အပါအဝင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ပြော သည်။

ကျောင်းသားအစစ် မဟုတ်ဘဲ ကျောင်းတံဆိပ်များ ပါဝင်သော ဝတ်စုံကို ဝတ်ဆင်ခြင်းကို ကျောင်းဝတ်စုံဥပဒေ အား ချိုးဖောက်ခြင်းဟု မှတ်ယူကာ ဘတ် ၁၀၀၀ အထိ ဒဏ်ငွေချမှတ် နိုင်သည်ဟုလည်း ထိုင်းရှေ့ နေတစ်ဦးက သူ၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

ထိုင်းကျောင်းဝတ်စုံ ဝတ်ဆင်၍ အလှဓာတ်ပုံရိုက်ကြစဉ်


ခရီးသည်များ အနေဖြင့် ကျောင်းဝတ်စုံပေါ်တွင် ၎င်းတို့၏ နာမည်များကိုသာ ရေးသားဝတ်ဆင်လျှင် အရေးယူခံရ မည် မဟုတ်ဟုလည်း ၎င်းက ပြောသည်။

First Love သို့မဟုတ် A Little Thing Called Love ဆိုသည့် ထိုင်းဆယ်ကျော်သက် အချစ်ဟာသ ဇာတ်ကား တရုတ်တွင် နာမည်ကြီးခဲ့ပြီးနောက် တရုတ်လူမျိုးများအကြား ကျောင်းဝတ်စုံများ ဝတ်ဆင်သည့် ဖက်ရှင်ခေတ် စားလာခဲ့သည်။

ကိုဗစ်ရောဂါ ကူးစက်နေချိန်တွင် ထိုဖက်ရှင်မျိုး တိမ်မြုပ်သွားခဲ့သော်လည်း နာမည်ကျော် တရုတ် အဆိုတော်၊ သရုပ်ဆောင် ဂျူဂျင်းယီက ပြီးခဲ့သည့်လ ထိုင်းသို့ ရောက်ရှိစဉ် ထိုင်းကျောင်းဝတ်စုံ ဝတ်ဆင်ထားသော ဓာတ်ပုံကို အွန်လိုင်းသို့ တင်ခဲ့ပြီးနောက် ပြန်လည်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်