CNI International News

ဘေရွတ်၊ အောက်တိုဘာ ၅

ငွေသားအကျပ်အတည်းဖြစ်ပေါ်နေသော လက်ဘနွန်နိုင်ငံတွင် အငြိမ်းစားရဲအရာရှိတစ်ဦးအပါအဝင် ငွေအပ်နှံသူ များသည် အောက်တိုဘာ ၄ ရက်တွင် ဘဏ် ၄ ဘဏ်ထက်မနည်း ဝင်ရောက်စီးနင်း၍ ၎င်းတို့အပ်နှံထားသော ငွေသားများ ပြန်လည်ရရှိရေး အတင်းအကျပ်တောင်းခံခဲ့ကြကြောင်း အေပီသတင်းဌာနက ရေးသားခဲ့သည်။

လက်ဘနွန်ဘဏ်များ သီတင်းတစ်ပတ်ကြာ ပိတ်ထားပြီးနောက် တစိတ်တပိုင်းပြန်လည်ဖွင့်လှစ်ချိန်၌ အဆိုပါ ဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြေထဲပင်လယ်ဒေသရှိ လက်ဘနွန်နိုင်ငံတွင် အထိနာနေသည့် စီးပွားရေးအခက်အခဲ ဆိုးရွားလာသည်နှင့်အမျှ ငွေအပ်နှံသူများသည် ဘဏ်များအတွင်းသို့ အင်အားသုံးဝင်ရောက်ကာ ၎င်းတို့အပ်နှံထားသော ငွေသားများ ပြန်လည်ထုတ်ယူနိုင်ရေးအတွက် ရုန်းရင်းဆန်ခတ် ကြိုးပမ်းခဲ့ကြသည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုများသည် တိုင်းပြည်အတွင်း အကျင့်ပျက်ခြစားမှုများကြောင့် အထိနာနေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲရန်အတွက် ဘဏ်များနှင့်အာဏာပိုင်များအပေါ် လူထုဒေါသကို ထင်ဟပ်စေခဲ့သည်။

ဆူပူဆန္ဒပြသူများမှ လက်ဘနွန်ဘဏ် ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏ ပုံများကို ရေးကပ်ထားကြစဉ်(ဓါတ်ပုံ-အေပီ)

ရာစုနှစ်တစ်ခုအတွင်း အဆိုးဆုံးအကျပ်အတည်းဟု ကမ္ဘာ့ဘဏ်က သတ်မှတ်ဖော်ပြသည့် လက်ဘနွန်စီးပွားရေး အကျပ်အတည်း၌ နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံမှာ ဆင်းရဲတွင်း နက်နေခဲ့သည်။

တစ်ချိန်တည်းတွင် လက်ဘနွန်သုံး ပေါင်ငွေကြေးသည် ဒေါ်လာနှင့် ယှဉ်ပါက ၉၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ရာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရသည်။

လက်ဘနွန်ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သူ ရဲအရာရှိ အလီအယ်လ်ဆာလီသည် ချာတော်ရာဒေသအရှေ့ပိုင်းရှိ BLC ဘဏ်ခွဲကို ဝင်ရောက်စီးနင်းခဲ့သည်။ ၎င်း၏ အပ်နှံစုဆောင်းငွေ ဒေါ်လာ ၂၄,၀၀၀(နှစ်သောင်းလေးထောင်)ကို သားဖြစ်သူထံသို့ လွှဲပြောင်းပေးရန် ဘဏ်ကို တင်းတင်းမာမာ တောင်းဆိုခဲ့သည်။ သားဖြစ်သူသည်လည်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေပြီး အိမ်ငှားခနှင့် ကျူရှင်လခ များဖြင့် အကြွေးတင်နေသည်။

“မင်းတို့ထဲက တစ်ယောက် မသေခင်မှာ ပိုက်ဆံတွေ ရေပြစမ်းပါ” ဟု အယ်လ်ဆာလီက လက်တစ်ဖက်တွင် သေနတ်ဝှေ့ယမ်းရင်း အခြားလက်တဖက်ဖြင့် ကိုယ်တိုင်ရိုက်ကူးထားသော ဗီဒီယိုဖိုင်ထဲ၌ အော်ဟစ်ပြောဆိုခဲ့ သည်။

Byblos ဘဏ်ခွဲတစ်ခုရဲ့ အဝင်ပေါက်တွင် ထောက်လှမ်းရေးတပ်သားတစ်ဦးမှ ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူနေစဉ်(ဓါတ်ပုံ-အေပီ)

ငွေအပ်နှံသူထားသူများ ပူးပေါင်းထားသည့် ဆူပူဆန္ဒပြအဖွဲ့တစ်ဖွဲ့၏အဆိုအရ အယ်လ်ဆာလီသည် လက်ဘနွန် အခြေစိုက်ဘဏ်မှ လအတန်ကြာ ငွေမလွှဲနိုင်သဖြင့် သားဖြစ်သူ၏အကြွေးများကို ကျောက်ကပ်ရောင်းချပြီး ပြန်ဆပ်နိုင်ဖို့ ကြိုးစားခဲ့သေးကြောင်း သိရသည်။

သားဖြစ်သူထံ လပေါင်းများစွာ အိမ်ငှားခနှင့်ကျူရှင်လခ ပေးပို့နေရသဖြင့် အငြိမ်းစားရဲအရာရှိ အယ်လ်ဆာလီ သည် ငွေထုတ်၍မရသည့်အခက်အခဲအတွက် ဆူပူဆန္ဒပြအဖွဲ့နှင့် ပူးပေါင်းသွားခဲ့သည်။

၎င်း၏ ဆဲလ်ဖုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထဲတွင် ဘဏ်ဝန်ထမ်းများကို “လိုချင်တာမရရင် ပစ်သတ်မယ်” ဟု အယ်လ်ဆာလီက ခြိမ်းခြောက်ခဲ့ပြီး သေနတ်ဝှေ့ယမ်းပြခဲ့ကြောင်း တွေ့ရှိရသည်။

ဆူပူဆန္ဒပြအဖွဲ့နှင့် ဘေးလူများက ဘဏ်ပြင်ပမှ စောင့်ကြည့်နေကြချိန်တွင် ဘဏ်ဝန်ထမ်းများက အယ်လ်ဆာလီ ကို စိတ်တည်ငြိမ်အောင် ကြိုးစားရှင်းပြခဲ့ကြသည်။

Source: AP