CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဓာတ်မြေဩဇာကို ရုရှားနိုင်ငံမှ တင်သွင်းရန် နစကမှ စီစဉ်နေပြီး အဆိုပါဓာတ်မြေဩဇာအား ရောင်းချသည့်အခါ၌ မြန်မာငွေ တစ်သိန်းမကျော်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးစေလိုကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်မြင့်က “သူတို့ဘက်က တင်သွင်းတဲ့ဟာက ၇ သောင်းလောက်ဖြစ်မလား အဲဒီလိုပဲမျှော်လင့်ရတာပေါ့။ တခြားကတော့ ကွာလတီကောင်းရမယ်။ ဈေးနှုန်းသင့်တင့်မျှတရမယ်။ အခုလိုကြီး တစ်သိန်း ခုနှစ်သောင်းဆိုတဲ့ အနေအထားကြီး။ အခုကျနော်တို့ compound ဓာတ်မြေဩဇာတစ်လုံးဆိုရင် ပျမ်းမျှ ဘယ်ကုမ္ပဏီကပဲထုတ်ထုတ် တစ်သိန်းခုနှစ်သောင်းဆိုတာ ပျမ်းမျှလောက်ဖြစ်နေတာလေ။ အဲဒီအနေအထားမှာ တစ်သိန်းဝန်းကျင်၊ တစ်သိန်းအောက်ဝန်းကျင်ဆိုရင်ကို ကျနော်တို့ တောင်သူတွေ နည်းနည်းပါးပါး သုံးလို့ အဆင်ပြေသေးတယ်ပေါ့။ အဓိကကတော့ ဈေးနှုန်းသက်သက်သာသာနဲ့ပေါ့။ ရောင်းချတဲ့စနစ်ကတော့ သူတို့ အဆင်ပြေသလိုရောင်းပေါ့ဗျာ” ဟု ပြောသည်။

လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည်တို့ဘက်မှ တင်သွင်းသည့် ဓာတ်မြေ ဩဇာများကိုသာ အသုံးပြုနေခြင်းဖြစ်ပြီး ဓာတ်မြေဩဇာတစ်အိတ်လျှင် တစ်သိန်းခွဲ၊ တစ်သိန်း ခုနှစ်သောင်းခန့် ဈေးပေးနေရကြောင်း တောင်သူများထံက သိရသည်။

နစကအနေဖြင့် ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာများ တင်သွင်းနိုင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းအပေါ် ကြိုဆိုကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

တောင်သူအမျိုးသမီးတစ်ဦး စပါးရိတ်သိမ်းနေစဉ်

လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “ဒါလုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို သူတို့အနေနဲ့ လုပ်ပြီလို့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက်ရှိအခြေအနေမှာ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့၊ အထွက်နှုန်းတွေ၊ ခါတိုင်းထုတ်လုပ်တဲ့ ဆန်စပါးအရေအတွက်တွေ၊ စိုက်ပျိုးတဲ့ဧကတွေ လျော့မသွားဖို့က အရေး အကြီးဆုံး ကုန်ကျစရိတ်ဟာ လယ်ထဲမှာ သွင်းအားစုနဲ့ပတ်သက်ရင် ဓာတ်မြေဩဇာက အရေးအကြီးဆုံး ဖြစ်နေ တယ်။ ဒီဓာတ်မြေဩဇာရဲ့ ကုန်ကျမှုစရိတ်ဟာ တစ်ဧကကို အနည်းဆုံး ၃ သိန်းဝန်းကျင်ရှိမှ အခု ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်ကို တစ်သိန်းခွဲဖြစ်နေတဲ့အချိန်မှာ ပြောမယ်ဆို အနည်းဆုံး ၂ အိတ် ကျွေးရင်တောင်မှ ၃ သိန်းဖြစ်သွားပြီ။ အဲဒီတော့ ဒီမြေဩဇာ လိုအပ်ချက်က အဓိကဖြစ်နေတော့ အဲဒီအဓိကဖြစ်တဲ့အရာကို တကယ် ပိုင်ပိုင်နိုင်နိုင်သွင်းပြီးတော့ အခုပြည်တွင်းကထုတ်တဲ့ စက်ရုံကဟာရော နိုင်ငံခြားကတင်သွင်းတာရော အဲဒါကို သင့်တင့်မျှတတဲ့ ဈေးနဲ့ အစိုးရအနေနဲ့ အဲဒီလိုဖြန့်ဝေပေးမယ်ဆိုရင်တော့ ဒီစိုက်ပျိုးမယ့် ဧရိယာတွေလည်း မလျော့သွားနိုင်သလို အထွက်နှုန်းတွေလည်း လျော့ဆင်းမသွားနိုင်ဘူး။ ဒါဟာ မလွဲမသွေ မဖြစ်မနေ လုပ်သင့်တဲ့ အလုပ်ဖြစ်လို့ ဒါဟာ ပြောမယ်ဆို လယ်ယာစိုက်ပျိုးရေးဘက်ကို သတိထားပြီးတော့ လုပ်လာတယ်လို့ မြင်တဲ့ အတွက် အန်ကယ်တို့အနေနဲ့ ကြိုဆိုပါတယ်၊ ဝမ်းလည်းသာပါတယ်လို့။ အခုလက်ရှိအရဆိုရင် ရှင်းရှင်းပြောရင် တစ်သိန်းအောက်ပေါ့လေ။ တစ်သိန်းထက် မကျော်တဲ့ ဈေးနဲ့ သူ့ဘက်ကဖြန့်ဝေပေးမယ်ဆိုရင် လောလောဆယ် တစ်သိန်းအောက် ဆိုရင်တော့ တောင်သူတွေ ဝယ်သုံးစွဲနိုင်ပါလိမ့်မယ်” ဟု ပြောသည်။

ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ဓာတ်မြေဩဇာအား မသုံးဖူးကြသေးသော်လည်း တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့မှ တင်သွင်းသည့် ဓာတ်မြေဩဇာများတောင် မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေဖြင့် ကိုက်ညီသည့်အတွက်ကြောင့် ရုရှား ဓာတ်မြေဩဇာသည်လည်း အဆင်ပြေမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

ရုရှားနိုင်ငံမှ တင်သွင်းမည့် ဓာတ်မြေဩဇာများ ပြည်တွင်းသို့ရောက်ရှိသည့်အခါတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များအား ခွဲတမ်းဖြင့် ဖြန့်ကျက်၍ ရောင်းချပေးမည်ဆိုပါက အမှန်တကယ် တောင်သူများ၏ လက်ထဲသို့ ရောက်ရှိ အောင် ရောင်းချပေးသင့်ကြောင်း တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

စပါးသီနှံစိုက်ပျိုးနေစဉ်

“မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အစိုးရတွေကတော့ တစ်ခုတော့ရှိတယ်နော်။ ဘာပဲပြောပြော ခုတ်ရာ တစ်ခြား ရှရာ တစ်ခြားဆိုတဲ့ စကားလိုပေါ့။ ကျနော်တို့က တောင်သူလယ်သမားစစ်စစ်တွေ ဖြစ်တယ်ဗျာ။ တောင်သူလယ်သမားစစ်စစ်ရဲ့ လက်ထဲကို ဒီ ဓာတ်မြေဩဇာတွေ ရောက်ပြီးတော့မှ တကယ့်မြေပြင်မှာ သုံးလို့ရ အောင်တော့ လုပ်ပေးတဲ့ နည်းလမ်းတွေရှာပြီးတော့ လုပ်ပေးသင့်တယ်လို့ မြင်တယ်။ ဓာတ်မြေဩဇာ တောင်သူ လယ်သမားပေးတာကတော့ မှန်တယ်။ ဒါပေမယ့် ငွေကြေး အမြောက်အများရှိတဲ့ လူတွေရဲ့ လက်ထဲကို ရောက်ပြီးမှ ကျနော်တို့ကြားကတဆင့်ခံ ဘယ်လိုပြောမလဲ။ ငါးသောင်းနဲ့ ရမယ့်ဟာကို တဆင့်ခံယူလိုက်ရတဲ့ အခါမှာ ခုနှစ်သောင်းတို့ ရှစ်သောင်းတို့ ဖြစ်သွားရင်တော့ ကျနော်တို့အတွက်လည်း ပေးသာပေးတယ် မရပုံစံ ဖြစ်သွားရင်တော့ မကောင်းဘူး။ ဒါကြောင့် ဘာပဲပြောပြော ဒီလိုဓာတ်မြေဩဇာသာ အမှန်တကယ်ရရှိမယ်ဆိုရင် တောင်သူလယ်သမားတွေရဲ့ လက်ထဲကို တကယ့်ကို ရောက်နိုင်လောက်အောင် ပုံစံ ၇ တွေကို စိစစ်ပြီးတော့မှ တိုက်ရိုက်လယ်သမားကို ရောင်းချပေးနိုင်ရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

တောင်သူများအား ခွဲတမ်းဖြင့် ရောင်းချပေးမည်ဆိုပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်များ တွင် တစ်ဧက တစ်အိတ်နှုန်းဖြန့်ဝေပေးသင့်ကြောင်းနှင့် ထိုသို့ ဖြန့်ဝေသည့်အခါတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ စနစ်တကျ ကြေညာချက် အမိန့်များထုတ်ပြန်ညွှန်ကြား၍ လုပ်ဆောင်နိုင်ပါက တောင်သူတိုင်း ရသင့်သလောက် ရမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

လက်ရှိတွင် ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်သည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများမှာ စိုက်ဧက လျှော့၍ စိုက်ပျိုးလာကြပြီး လာမည့် နွေစပါးစိုက်ပျိုးရန်အတွက် တောင်သူများမှာ စိုက်သင့်၊ မစိုက်သင့် စဉ်းစား နေကြကြောင်း တောင်သူများထံကသိရသည်။

ရုရှားမှ တင်သွင်းမည့် ဓာတ်မြေဩဇာအား ဈေးနှုန်း သက်သက်သာသာဖြင့် ရောင်းချပေးမည်ဆိုပါက စိုက်ဧက လျော့ကျမည် မဟုတ်သကဲ့သို့ အထွက်နှုန်းလည်း စံချိန်မီပြန်ထွက်နိုင်မည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။