CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

နိုင်ငံခြားသုံးငွေများသည် လက်ရှိတွင် ဈေးတက်နေသဖြင့် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်မည့်သူများအတွက် ကုန်ကျစရိတ် ပိုမိုကုန်ကျလာကြကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက ပျမ်းမျှကုန်ကျစရိတ်သည် သိန်း ၅၀ ခန့်ရှိသော် လည်း လက်ရှိတွင် သိန်း ၇၀၊ ၈၀ ခန့် ကုန်ကျကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်မည်ဆိုပါက ယခင်ထက် ၆ သိန်း‌ခန့် ပိုမိုကုန်ကျကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောသည်။

ဂျပန်အေဂျင်စီတစ်ခုဖြစ်သည့် Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက “ကျနော်တို့က လေယာဉ် လက်မှတ်ဝယ်ရတာကျတော့ လေယာဉ်ရုံးတွေကလည်း အပြင်ပေါက်ဈေးအတိုင်း ရောင်းရတာကိုး။ ကျနော်တို့ ဟိုဘက်ကလည်း training အနေနဲ့ ပြောမယ်ဆိုရင် လေယာဉ်လက်မှတ်ကို ကုမ္ပဏီဘက်က ခံပေးရတာပေါ့။ ကုမ္ပဏီဘက်ကနေ လေယာဉ်လက်မှတ်ဖိုး လွှဲပေးလိုက်ရင် ကျနော်တို့လက်ထဲကို ‌ရောက်တာသည် ၁၈၅၀ နဲ့ပဲ ရောက်တာပေါ့။ သူက ဘဏ်တိုက်ရိုက်ကို သူကတရားဝင်လွှဲရတာဆိုတော့ ဒီဘက်ကိုရောက်လာပြီဆိုတာနဲ့ ၁၈၅၀ ပဲလေ။ လေယာဉ်လက်မှတ်ဝယ်တာကျတော့ သူ့ပေါက်ဈေးအတိုင်း ဝယ်ရတာကိုး။ မဟုတ်ရင် လေယာဉ် ရုံးက ရောင်းမှမရောင်းတာ ဒါပေမယ့် လေယာဉ်ကဏ္ဍတွေမှာ ဝယ်ရတာကျတော့ ကျနော်တို့က ၂၂၀၀၊ ၂၄၀၀ အခုဆိုရင် ၂၅၀၀ လောက်ရှိတယ် အဲဒီလိုမျိုး ဝယ်ရတယ်။ သူတို့အတွက်က နည်းနည်းငွေကြေးကတော့ မြင့်သွား တာပေါ့။ လက်ရှိဈေးနှုန်းတွေအတိုင်းဆိုရင်တော့ သူတို့ နည်းနည်းဝန်ပိတာပေါ့။ နောက်ရှေ့လျှောက် ဘယ်လို အနေအထားတွေ ဖြစ်လာနိုင်လဲဆိုတာကတော့ ကျနော်တို့လည်း ခန့်မှန်းလို့မရသေးဘူးပေါ့” ဟု CNI သို့ ပြောသည်။

ထိုသို့ ကုန်ကျစရိတ်မြင့်တက်သွားသဖြင့် အေဂျင်စီဘက်မှ ညှိနှိုင်း လျှော့ပေါ့ပေးရသည့်ကိစ္စရပ်များ ရှိကြောင်း သိရသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေများအား သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးများတွင် အမေရိကန်ဒေါ်လာ တစ်‌ဒေါ်လာလျှင် ကျပ်ငွေ ၂၅၀၀ နီးပါး၊ ထိုင်းဘတ် တစ်ဘတ်လျှင် ကျပ်ငွေ ၇၀ ခန့်၊ ဂျပန်ယန်းငွေမှာ ၁၈ ယန်း ပေါက်ဈေးများ ရှိနေသည်။

ပြည်ပကို သွားရောက်လုပ်ကိုင်ကြမည့်သူများသည် ဝန်ဆောင်ခကုန်ကျစရိတ်အား နိုင်ငံခြားငွေနှုန်းနှင့်ညီမျှသည့် ကျပ်ငွေပေးသွင်းရခြင်းဖြစ်သည့်အတွက် ယခုလို နိုင်ငံခြားသုံးငွေပေါက်ဈေးများကြောင့် နစ်နာကြောင်း ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မည့် ကိုနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“ဂျပန်ဆိုရင် ယန်းငွေနဲ့ဆို ပုံမှန်အတိုင်းသွားနေတဲ့ ပုံစံမျိုးပဲ။ အဓိကက မြန်မာငွေကျဆင်းမှုပဲ ဖြစ်နေတယ်လို့ ထင်တာပဲ။ ဒါပေမယ့် ဒီက မြန်မာဘက်က သွားမယ့်လူတွေအတွက်ကျတော့လည်း ဒေါ်လာဈေးနဲ့ တွက်ပေး ရမယ်ဆိုရင်တော့ ပိုပြီးတော့ နစ်နာတာပေါ့။ ဒေါ်လာဈေးတက်လာတာနဲ့အမျှ သူတို့သွင်းရတဲ့ ပိုက်ဆံက သူတို့က ဒေါ်လာဝယ်သွင်းကြတာမဟုတ်ဘူး။ မြန်မာငွေနဲ့ပဲသွင်းတာပေါ့နော်။ အဲဒါကို ကုမ္ပဏီဘက်တွေက ဖြတ်မယ်ဆို ရင် ဒီက‌ပေါက်ဈေးအတိုင်းဖြတ်တယ်ဆိုရင် ဒေါ်လာဈေးတက်လာတာ မြန်မာငွေကျလာတာနဲ့ တောက်လျှောက် ပိုပြီးတော့ ပေးရမှာပေါ့။ အရင်တုန်းက ၂၀၀၀ ဈေးနဲ့ဆိုရင် သိန်း ၂၀ သွင်းရမယ်ဆိုရင် အခု ၂၅၀၀ နှုန်းနဲ့ဆိုရင် သိန်း ၂၅ သိန်းသွင်းရတယ်။ အဲဒီလိုမျိုးပေါ့ နည်းနည်းကွာတာနဲ့ အများကြီးတက်တက်လာတာဆိုတော့” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ယခင်စာချုပ်ချုပ်ထားသည့် သူများအား အဆိုပါကာလပေါက်ဈေးဖြင့် စာချုပ်ချုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ယခုကဲ့သို့ နိုင်ငံခြားသုံးငွေများဈေးတက်လာသဖြင့် အရှုံးပေါ်သည့် အနေအထားဖြစ်နေကြောင်း ပွင့်ဖူးအောင် အေဂျင်စီမှ ကိုနွေကိုကိုလင်းက CNI သို့ ပြောသည်။

အေဂျင်စီများသည် ပြင်ပ‌ပေါက်ဈေးအတိုင်း ပေး၍ဝယ်နေရခြင်းဖြစ်ကာ နိုင်ငံခြားသုံးငွေဈေးနှုန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် ပြည်ပထွက်မည့် ကုန်ကျစရိတ်ကို အတိအကျ မသတ်မှတ်နိုင်သည့် အနေ အထားဖြစ်ကြောင်း ၎င်းက ပြောသည်။

ပွင့်ဖူးအောင်အေဂျင်စီမှ ကိုနွေကိုကိုလင်းက “ဟိုတနေ့က မလေးရှားပို့ဖို့ ကလေးကိစ္စအတွက်တောင် ဒေါ်လာဈေး အဲဒီတုန်းက ၂၂၀၀ ကျော်ပဲပေါက်တယ်။ ကျနော်တို့က အစိုးရသတ်မှတ်ထားတာ ဒေါ်လာ ၈၅၀ သတ်မှတ် ထားတာလေ မလေးရှားကို။ ‌ဒေါ်လာဈေးနဲ့ပဲ ဗမာငွေကို သတ်မှတ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအချိန်မှာကျတော့ ၂၃၀၀ လောက်နဲ့ပဲ ငါ ကြိုကောက် ထားလိုက်မယ်ကွာ။ အဲဒီလောက်ဝန်းကျင်ပဲဆိုပြီး ကိုယ်ကမှန်းပြီး ကောက်ထားပေးတာ။ ပိုရင် မင်းတို့ကို ပြန်ပေးမယ်ဆိုပြီး။ နောက် နာရီဝက်အတွင်းမှာ ဘယ်လောက်ဖြစ်သွားလဲ ဆိုတော့ ဒေါ်လာဈေးက ၂၄၈၀ တွေဖြစ်ကုန်တယ်။ အဲဒီတော့ ကျနော် ကလေးတွေကို ပြန်ပြောရတာပေါ့နော်။ အဲဒီလိုအခက်အခဲတွေလည်း ကျနော်တို့မှာ အများကြီးရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်မည့် ကုန်ကျစရိတ်မှာ ယခင်ကထက် ပိုမိုကုန်ကျလာသော်လည်း ပြည်ပနိုင်ငံတွင် ၎င်းတို့ရရှိမည့် လုပ်အားခသည် မြန်မာကျပ်ငွေနှင့် တွက်ကြည့်လျှင် များပြားသည့်အတွက် အဆင်ပြေနိုင်ကြောင်း Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက ပြောသည်။

“စစချင်းထွက်တဲ့အချိန်မှာ ပေးတဲ့ amount က များသွားလိမ့်မယ်။ အရင်က ၅၀ ဆိုရင် အခုချိန်မှာ ၇၀၊ ၈၀ လောက်ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဂျပန်မှာ အလုပ်လုပ်ရင် နိုင်ငံခြားငွေကြေးနဲ့ရတာဖြစ်တဲ့အတွက် သူတို့ ပြန်လွှဲလိုက်ရင် ၃၊ ၄ လဆို ပြန်ကျေပါတယ်။ လစာကလည်း အများကြီး ပြန်ရတာပဲ။ အရင်ကဆို တစ်လ ၁၀ သိန်းလောက်ပို့နိုင်ပေမယ့် အခုက မြန်မာပြည်က ငွေကြေးတအားကျနေတဲ့အတွက် အခုကာလ rate နဲ့ တွက်လိုက်ရင် အရင်က ယန်း ၁၀ သောင်းပို့ရင် မြန်မာပြည်ကို ၁၂ သိန်း၊ ၁၃ သိန်း မြန်မာငွေ ရတယ်။ အခုချိန်မှာ ယန်း ၁၀ သောင်းပို့လို့ရှိရင် ၁၇ သိန်းလောက် ရပါတယ်။ အဲဒီတော့ သူတို့ရတာလည်း မြင့်ပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ယခု ကဲ့သို့ ကုန်ကျစရိတ်ပိုမိုကုန်ကျလာသော်လည်း ပြည်ပထွက်ပြီး လုပ်ကိုင်မည့်သူ အများအပြားရှိကြောင်း အေဂျင်စီ များထံက သိရသည်။