CNI News

၂၀၂၂ ခုနှစ်၊ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို ည ၁၀ နာရီအထိ ပြေးဆွဲပေးရန် ရန်ကုန်တိုင်း ဒေသ ကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုကော်မတီ(YRTC)က ညွှန်ကြားထားသော်လည်း YBS ယာဉ်လိုင်းများ အနေဖြင့် ပြေးဆွဲပေးရန် အခက်အခဲရှိနေကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများထံမှ သိရသည်။

လက်ရှိတွင် YBS ယာဉ်လိုင်းအတွက် CNG ထည့်ပေးသည့် အချိန်ကို ၈ နာရီ နောက်ဆုံးထား သတ်မှတ်ထားခြင်းကြောင့် ယာဉ်လိုင်းများအနေဖြင့် CNG ထည့်သွင်းရန် အချိန်လိုအပ်သည့်အတွက် ည ၁၀ နာရီအထိ ပြေးဆွဲပေးရန် အခက်အခဲ ရှိနေခြင်းဖြစ်ကြောင်း ခေတ်သစ်ဘုရင့်နောင် YBS ယာဉ်လိုင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်မင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးဇော်မင်းက “တို့ယာဉ်တွေ ပြေးဆွဲတဲ့နေရာမှာ ၁၀ နာရီအထိ ပြေးဆွဲတဲ့နေရာမှာ အခေါက်ရေများလေ ပိုပြီးတော့ အဆင် ပြေလေပေါ့နော်။ ပိုက်ဆံ ပိုကျန်လေပေါ့နော်။ သို့သော်လည်း YBS ဆိုတာ CNG နဲ့ လျှပ်စစ်မီးနဲ့ ရတဲ့အပေါ်မှာ မူတည်ပြီး တော့ အခေါက်ရေ ပြေးဆွဲရတာကိုး။ မီးပျက်နေရင်လည်း သတ်မှတ်ချိန်ကတော့ ပြည့်မှာ မဟုတ်ဘူး တန်းစီရတာနဲ့။ အဲတော့ မီးပျက်နေတယ်ဆိုလည်း သူတို့က CNG ထည့်လို့မရဘူး။ CNG မှာ pressure နည်းနေလို့ pressure ဖြည့်နေရင်လည်း အချိန် ပေးရတယ်။ ဒီအပေါ်မှာတော့ တစ်ခုနဲ့တစ်ခု ညီနေတယ်ဆိုရင်တော့ သူတို့သတ်မှတ် ၁၀ နာရီ ပြည့်အောင်တော့ အကုန်လုံး ပြေးဆွဲရမှာပဲ။ မီးမှန်ဖို့ အရေးကြီးတယ်။ မီးမမှန်ရင်တော့ ပြေးဆွဲနိုင်မှာ မဟုတ်ဘူး။ အဲဒါတော့ မရနိုင်ဘူး”ဟု ပြောသည်။

YBS ယာဉ်လိုင်းများအတွက် CNG ထည့်သွင်းသည့် အချိန်ကို တိုးမြှင့်ပေးမှသာ ည ၁၀ နာရီအထိ ပြေးဆွဲရန် အဆင်ပြေနိုင် ကြောင်း၊ လက်ရှိတွင် ည ၉ နာရီ နောက်ဆုံးထား ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ CNG ထည့်သွင်းသည့် အချိန်ကို တိုးမြှင့်ပေးရန် လိုအပ်ကြောင်း၊ တိုးမြှင့်ပေးသည့်အချိန် အတိုင်းအတာပေါ် မူတည်၍ YBS ယာဉ်လိုင်းများမှာလည်း ည ၁၀ နာရီအထိ ပြေးဆွဲ ၍ ရနိုင်မည်ဖြစ်ကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများက ပြောသည်။

YBS ယာဉ်များ CNG ထည့်နေစဉ်

ဦးဇော်မင်း “၁၀ နာရီအထိကို ပြေးဆွဲဖို့က ယခင်ကလည်း ၁၀ နာရီအထိတောင်မှ မြို့ထဲမှာ လူမရှိကြဘူး။ နဂိုကလည်း လူမရှိ ဘူးနော် မြို့ထဲမှာ။ အဲတော့ ဒီဟာကို သတ်မှတ်ချိန်က မြို့ထဲကလူ ကုန်အောင်တော့ နောက်ဆုံး ၉ နာရီအထိအောင်တော့ မြို့ ထဲကနေ ဆွဲပေးလို့ရတယ်။ သို့သော် ဆွဲပြီးတာနဲ့ CNG ပြန်တန်းစီရတဲ့အချိန်က CNG သတ်မှတ်ချိန်က မတိုးပေးထားလို့ CNG သတ်မှတ်ချိန် တိုးပေးပြီးမှသာ ပြောလို့ရမှာ။ CNG သတ်မှတ်ချိန်ကို တစ်ညလုံး ထည့်ပေးမှာလား။ ၂၄ နာရီ ထည့်ပေးမှာလား။ ၆ နာရီအထိ ထည့်ပေးမှာလား။ CNG ထည့်တဲ့အပေါ်မှာလည်း မူတည်တာပေါ့။ CNG မတိုးပေးဘူး ဒီပုံအတိုင်းပဲ ၇ နာရီ၊ ၈ နာရီလောက်ပဲ ပိတ်တယ်ဆိုရင်တော့ ၁၀ နာရီအထိ ဆွဲပေးလို့မရဘူး။ ပြန်မှ ထည့်ရတာကိုး။ အဲဒါကလည်း ကျန်သေးတယ်” ဟု ပြောသည်။

CNG ထည့်ပေးသည့်အချိန် တိုးမြှင့်ပေးရန် လိုအပ်သည့် ကိစ္စနှင့်ပတ်သက်ပြီး YBS ယာဉ်လိုင်းများအနေဖြင့် (YRTC) ထံသို့ တင်ပြလာမှသာ YRTC မှတဆင့် အစိုးရအဖွဲ့ထံ တောင်းဆိုပေး၍ ရနိုင်မည်ဖြစ်ကြောင်း YRTC အတွင်းရေးမှူး ဦးလျန်ကျင့်မန် က CNI သတင်းဌာနသို့ ပြောသည်။
ဦးလျန်ကျင့်မန်က “အဲဒါက စာတင်လာရင် ကျနော်တို့ တောင်းဆိုပေးမယ်လေ။ အဲလိုမျိုး လိုအပ်လာရင်တော့ ကျနော်တို့ တင်ပြပေးမှာပေါ့နော်။ အစိုးရပိုင်း၊ အစိုးရအဖွဲ့တွေကို တင်ပေးမယ်လေ။ စာတင်လာရင် ကျနော်တို့ တောင်းပေးမယ်။ ကျနော် တို့ ညှိနှိုင်းပေးမယ် သူတို့အတွက်ကို စာထုတ်ပေးမှာပေါ့နော်”ဟု ပြောသည်။

YBS ယာဉ်များ ပြေးဆွဲနေစဉ်

လတ်တလောတွင် CNG ထည့်သွင်းရန် ကားတန်းစီနေသည့် အခြေအနေပေါ် မူတည်၍ အချိန်ဖြင့် ထည့်သွင်းပေးနေကြောင်း၊ သင်္ကြန်ကာလ ပြီးသည့်အခါတွင် အချိန်ကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ ကျနော်တို့ ထွက်လာတဲ့ ကားတန်းနဲ့ ယာဉ် အနေအထားတွေ ကြည့်ပြီးတော့ ပုံမှန်သတ်မှတ် ထားပေမယ့် ၈ နာရီ၊ ၈ နာရီခွဲ၊ ၉ နာရီအထိ ကားတန်းစီကို ကြည့်ပြီးတော့ ကျနော်တို့ အဲလိုလေး ဖြတ်ပေးနေပါတယ်။ သင်္ကြန်ပြီး ကာလတွေဆိုရင်တော့ ကျနော်တို့ အချိန်ကို ထပ်ပြီးတော့ တိုးပြီးတော့ ဖွင့်လှစ်ပေးမှာပါ” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းမှ ယာဉ်အစီးရေ ၃၀၀၀ နီးပါးဖြင့် ခရီးသည် ၆ သိန်းခွဲကို တင်ဆောင်၍ နေ့စဉ် ပြေးဆွဲပေးလျှက်ရှိကြောင်း YRTC ထံမှ သိရသည်။