CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ် နွေကြက်သွန်အား ဧက လျှော့စိုက်ခဲ့ကြသည့်အတွက် အထွက်နှုန်း နည်းသည့်အပြင် ပြည်ပသို့ တင်ပို့ခြင်းများလည်းရှိသဖြင့် ပြည်တွင်းတွင် လက်ကျန်နည်းကာ တစ်ပိဿာ  လျှင် ကျပ် ၁၆၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေသည်။

ကြက်သွန်သည် ဟင်းချက်ရာတွင် မပါမဖြစ် အသုံးပြုရသည့်အတွက် ယခုကဲ့သို့ တစ်ပိဿာ ကျပ် ၁၀၀၀ ကျော် အထိ ဈေးနှုန်းမြင့်တက်မှုသည် အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်ကြောင်း အိမ်ထောင်ရှင်မတစ်ဦး ဖြစ်သည့် မပြည့်က CNI သတင်းဌာနသို့ ပြောသည်။

“ကြက်သွန်ဈေးတက်တော့လည်း ဟင်းက ချက်ရတာ အဆင်မပြေဘူးပေါ့။ အဲဒီကုန်ကျတဲ့ ပိုက်ဆံက တခြား တစ်ခု ဝယ်လို့ရတယ်လေ။ အရင်တုန်းက အမယ် နှစ်မျိုး ဝယ်လို့ရရင် အခု တစ်မျိုးပဲဝယ်လို့ရတယ်။ ချွေတာရတာ ပေါ့။ အဲဒီလိုလျှော့သုံးရတာပေါ့။ ခါတိုင်းဆို ကြက်သွန် ဟင်းတစ်ခွက်မှာ ၄၊ ၅ လုံး ထည့်ရတဲ့နေရာမှာဆို ၃ လုံး လောက်ပဲထည့်ရတာတို့ အဲဒီလိုမျိုး လျှော့ရတာပေါ့။ အကုန်လုံးကတော့ အစစ အရာရာ လျှော့ရတာပေါ့။ အရင်တုန်းကဆို တစ်ပိဿာ ၁၀၀၀ ဆို တစ်ပိဿာလောက်ဝယ်လို့ရတယ်။ အရင်က တစ်ပိဿာ ဝယ်တဲ့အစား အခုဆို ၅၀ သားလောက်ပဲဝယ်ရတာပေါ့။ လျှော့ပြီးတော့ ဝယ်ရတာပေါ့ အရင်ထက်။ ကြက်သွန်ဈေးတစ်ခုတည်း တက်တာမဟုတ်ဘူးလေ။ အကုန်လုံးက ကုန်‌ဈေးနှုန်းက တက်နေတော့ ခါတိုင်း တစ်နေ့ စရိတ်ကို ၅၀၀၀ ဆိုရင် အခုက တစ်နေ့ ၇၀၀၀ လောက်ဖြစ်သွားတာလေ။ ဈေးတွေက မက‌တော့လေ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကြက်သွန်စိုက်တောင်သူနှင့် ကုန်သည်တို့ အများအပြားအရှုံးပေါ်ခဲ့ပြီး သွင်းအားစုနှင့် စက်သုံးဆီ ဈေးတို့ အဆမတန် မြင့်တက်မှုကြောင့် ယခုနှစ်တွင် ဧကလျှော့ပေါ့ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။

တောင်သူများမှ ရောင်းချသည်ဈေးနှုန်းသည် တစ်ပိဿာ ၁၀၀၀ ဝန်းကျင်နှုန်းထားဖြစ်သဖြင့် ပြည်တွင်းဈေးကွက် တွင် ကြက်သွန်တစ်ပိဿာလျှင် နယ်မြေဒေသပေါ်မူတည်က ကျပ်ငွေ ၁၀၀၀ မှ ၁၆၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေခြင်းဖြစ်သည်။

ကြက်သွန်အပါအဝင် အခြားကုန်ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ တက်နေသော်လည်း စားသုံးသူများအား ပြန် ကြည့်နေရသဖြင့် ဈေးမတက်သေးကြောင်း ဂုံးခေါက်ဆွဲရောင်းချနေတဲ့ ကိုချမ်းမြေ့က CNI သတင်းဌာနသို့ ပြောသည်။

“ဈေးတက်တာကတော့ နည်းနည်းတော့ အခက်တွေ့တာပေါ့။ ဒီကြက်သွန်မှမဟုတ်ဘူး တခြားကုန်ပစ္စည်း ကလည်း နေ့စဉ်နဲ့အမျှ တက်နေတာ။ ကျနော်တို့ဆိုရင် စရောင်းလာကတည်းက ဈေးက ဒီအတိုင်းပဲ။ ဒါပေမယ့် ထပ်ပြီးတော့ တက်လိုက်လို့မရဘူး။ သူတို့အတွက်က ဈေးတက်ပေမယ့် အကိုတို့ဘက်က တက်လို့မရတော့ အကို တို့အတွက်က ဒီကာလ နည်းနည်းတော့ ခက်ခဲတာပေါ့။ လောလောဆယ်တော့ ဈေးတက်ဖို့မရှိသေးဘူး။ အကို ဈေးနှုန်းပြောင်းထားလည်းမကြာသေးဘူးဆိုတော့။ ပြီးခဲ့တဲ့လလောက်ကမှ နေရာပြောင်းဘာညာဆိုတော့ ပုံမှန် ထက် ဈေးနည်းနည်းလေးတက်ထားတာရှိတယ်ဆိုတော့။ အခုကုန်ဈေးနှုန်းတက်ပေမယ့်လည်း ထပ်ပြီးတက်ဖို့ မရှိသေးဘူး။ ဘာလို့ဆို စားသုံးသူတွေကိုနည်းနည်း ပြန်ပြီးကြည့်ပေးတဲ့သဘောပေါ့”ဟု ပြောသည်။

ယခုနှစ်၏ နွေကြက်သွန်ဈေးနှုန်းသည် အခြေခံလူတန်းစားများအတွက် အဆင်မပြေသော်လည်း တောင်သူနှင့် ကုန်သည်များအတွက် အဆင်ပြေကြောင်း ပွဲရုံကုန်သည်များနှင့် တောင်သူများထံက သိရသည်။

ကြက်သွန်ကုန်သည်တစ်ဦးဖြစ်သည့် ကိုသက်ဖြိုးက“ပြည်တွင်းဈေးအရမ်းကောင်းနေတဲ့အနေအထားပဲ။ ၆ လပိုင်း ဆိုရင် ခါတိုင်းတုန်းက ဖြစ်မှ ၇၀၀၊ ၈၀၀ ပေါ့လေ။ အခုချိန်မှာ တောင်သူရောင်းဈေးကိုက ၁၀၀၀၊ ၁၁၀၀၊ ၁၂၀၀ ပေါ့။ တောင်သူတွေရဲ့ရောင်းဈေးကိုက အဲဒီလောက်ရှိနေတာ။ ဒီနှစ်ကတော့ အကျိုးရှိပါတယ်။ အကျိုးရှိပါတယ် ဆိုပေမယ့် ဒီဟာက ဈေးနှုန်းတစ်ခုသာ မြင့်လာတာလေ။ ကုန်ကျစရိတ်မြင့်တာတွေလည်း ရှိသေးတာပေါ့။ ဒီဘက် ဓာတ်မြေဩဇာတို့ နောက်ပြီးတော့ အကုန်လုံးပေါ့ အစစ အရာရာ ကုန်ဈေးနှုန်းတက်တာနဲ့ဆိုရင် ဒါကြီးက တောင်သူတွေအတွက် အရမ်းကြီးအကျိုးရှိပါတယ်လို့တော့ ပြောလို့မရဘူး။ ဒီဈေးကလည်း အဆင်ပြေတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်” ဟု ပြောသည်။

ယခုကဲ့သို့နှုန်းထားအရ တောင်သူများအတွက် အကျိုးအမြတ်ရှိမည်ဆိုပါက မိုးကြက်သွန်စိုက်ပျိုးမှုတွင် စိုက်ပျိုးမှု နှုန်း များပြားလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။

ကြက်သွန်များအား ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှု နည်းကြောင်း သိရသည်။