CNI International News

ပေကျင်း၊ ဧပြီ ၆

တရုတ်နိုင်ငံ၏ စီးပွားရေး တုံ့ဆိုင်းနေမှု အခြေအနေသည် ကမ္ဘာ့စင်မြင့်ထက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို မျက်နှာပျက်စေခဲ့ကြောင်း Telegraph မှ ဖော်ပြခဲ့သည်။

၁၉၈၉ ခုနှစ်က တီအန်မင် ရင်ပြင် (Tiananmen Square) အရေးအခင်းတွင် တစ်ကမ္ဘာလုံးက တရုတ်ကို ဝိုင်းဝန်း ဆန့်ကျင်ခဲ့ကြ၍ ထိုအချိန်က တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) သည် ကွန်မြူနစ်ပါတီအား စိတ်ရှည်သည်းခံရန် ပြောကြားခဲ့သည်။ 

ထိုအလေ့အထသည် တရုတ်နိုင်ငံခြားရေးမူဝါဒအတွက် ဆယ်စုနှစ်များစွာကြာ ကျင့်သုံးလာသည့် အလေ့အထ ဖြစ်ခဲ့ပြီး တရုတ်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သို့သော် ရှီ၏ လက်ထက်တွင် စိတ်ရှည်သည်းခံနိုင်မှု အတိုင်းအတာ နည်းပါးခဲ့ပြီး လူစွမ်းကောင်းဝါဒ ပိုမို အားကောင်းလာခဲ့သည်။

အနောက်နိုင်ငံများသည် တရုတ်အား မိတ်ဖက်နိုင်ငံဆိုခြင်းထက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် စတင်ရှုမြင်ခဲ့ကြ သည်ဟု တိန့်ရှောင်ဖိန်က ယူဆခဲ့ဖွယ်ရှိသည်။

ရှီကျင့်ဖျင်နဲ့ ဘိုင်ဒန်ကို တွေ့ရစဉ်

ထိုအချက်ကို ရှီသည် လက်ရှိတွင် နားလည်လာပုံပေါ်ပြီး တရုတ်၏ စီးပွားရေး တုံ့ဆိုင်းမှုနှင့် ရန်လိုသည့် နိုင်ငံများ မြင့်တက်လာမှုကို မြင်တွေ့ခဲ့ရသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းက ရှီသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် နှစ်နာရီနီးပါးကြာ ဖုန်းပြောဆိုခဲ့ပြီး ယခင်ကထက် ပိုမိုရင်းနှီးနွေးထွေးသည့် စကားလုံးများကို အသုံးပြုခဲ့သည်။

ထိုဖုန်းဆက်သွယ် ပြောဆိုမှုသည် နိုဝင်ဘာလက အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို (San Francisco) မြို့တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ပထမဆုံးအကြိမ် ရှီနှင့် ဘိုင်ဒန်တို့၏ ဆက်သွယ်ပြောဆိုမှုဖြစ်ပြီး ရှီက အမေရိကန်ကို ကောင်းမွန်သည့် အရာများဖြစ်စေရမည်ဟု ကတိပြုခဲ့သည်။

သို့သော် ရှီသည် ပြည်တွင်းတွင် ပျော်ရွှင်ကျေနပ်ရသည့် အခြေအနေမျိုး မဟုတ်ပေ။ တရုတ်၏ ကြီးမားသည့် အိမ်ခြံမြေအကျိုးဆောင် Evergrande သည် ၂၀၂၁ ခုနှစ်က ၎င်း၏ ပေးဆပ်ရမည့် ကြွေးမြီများကို ပေးဆပ်ရန် ပျက်ကွက်ခဲ့ပြီးနောက် တရုတ်၏စီးပွားရေးသည် တိုးတက်မှုမရှိဘဲ ရုန်းကန်ခဲ့ရသည်။

ထို့ပြင် ရှီသည် စီးပွားရေးကို ပြန်လည်ဦးမော့စေရန် ကြိုးပမ်းနေသည့်တိုင် စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။

Source: Telegraph