CNI International News

နယူးဒေလီ၊ မတ်လ ၁၅

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး ၃ နိုင်ငံ စာရင်းတွင် ပါဝင်လာရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည်ဟု အိန္ဒိယသမ္မတ ဒရူပါဒီ မူရာမူ (Droupadi Murmu) က မတ်လ ၁၂ ရက်က ပြောကြားခဲ့ ကြောင်း mid day သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

မူရာမူသည် မော်ရေးရှပ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပို့လူးဝစ် (Port Louis) မြို့ရှိ မဟတ္တမ ဂန္ဓီ အင်စတီကျူ (Mahatma Gandhi Institute) တွင် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နှစ်နိုင်ငံကြား သမိုင်းဝင် ဆက်ဆံရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ပြောဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း မူရာမူက နယ်ပယ်ကဏ္ဍ အားလုံးတွင် အိန္ဒိယ၏ အောင်မြင်မှုများကို ကြေညာခဲ့ပြီး အိန္ဒိယ၏ အရှိန်အဟုန်နှင့် တိုးတက်မှု အလားအလာတို့ကို အလေးထား ဖော်ပြခဲ့သည်။

အိန္ဒိယ၏ နောက်ထပ် နိုင်ငံအမည်ဖြစ်သည့် ဘာရက် နိုင်ငံတော်အသစ် (New Bharat) သည် ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားကြီး ထိပ်ဆုံး ၃ နိုင်ငံစာရင်းတွင် ပါဝင်ရန် နီးစပ်နေပြီဖြစ်ကြောင်းနှင့် နယ်ပယ်ကဏ္ဍ ပေါင်းစုံတွင် သိသာထင်ရှားသည့် တိုးတက်မှုများကို အလေးထားပြောဆိုခဲ့သည်။

 

အိန္ဒိယသမ္မတ ဒရူပါဒီ မူရာမူကို တွေ့ရစဉ်

“ဘာရက် နိုင်ငံတော်အသစ်ဟာ ကဏ္ဍအားလုံးမှာ တိုးတက်မှုတွေ ရရှိနေပါတယ်။ အရှိန်အဟုန်၊ တိုးတက်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ ကြေညာမှုတွေနဲ့အတူ ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး ၃ နိုင်ငံစာရင်းမှာ ပါဝင်ဖို့ လမ်းကြောင်းပေါ်မှာ ခိုင်မာစွာ ရှိနေပါပြီ” ဟု သမ္မတ မူရာမာက ပြောကြားခဲ့သည်။

အိန္ဒိယ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်ပြီး ထပ်မံပြောကြားရာတွင် မူရာမာက လက်ရှိ အနေအထား သည် မော်ရေးရှပ် လူငယ်များအတွက် အခွင့်အလမ်းသစ်များနှင့် နေရာအသစ်များကို ပွင့်လမ်းစေခဲ့ပြီး အလုပ် သမား မှတ်ပုံတင်ကဒ်များကို သက်တမ်းတိုးပေးမည့်အကြောင်း၊ အိန္ဒိယသည် မော်ရေးရှပ်နိုင်ငံဘက်မှ အမြဲတမ်း ရပ်တည်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျမတို့ရဲ့ ဆက်ဆံရေးတွေဟာ ပူးပေါင်းဆောင်ရွက်မှု ရှုထောင့်အားလုံးမှာ အဓိပ္ပာယ်ပြည့်ဝစွာ လွှမ်းခြုံထား ပါတယ်။ ကျမတို့ရဲ့ ဆယ်စုနှစ်များစွာကြာ တိုးတက်ခဲ့တဲ့ မိတ်ဖက်ဆက်ဆံရေးဟာ မော်ရေးရှပ်နိုင်ငံအပေါ် ထားရှိတဲ့ အိန္ဒိယရဲ့ ကတိကဝတ်ရဲ့ဥပမာတစ်ခုလို့ ပြောလို့ရပါတယ်” ဟု မူရာမာက ပြောကြားခဲ့သည်။

ထို့ပြင် မတ်လ ၁၂ ရက်သည် မဟတ္တမဂန္ဓီ ဦးဆောင်သည့် ဒန်ဒီ ချီတက်မှု (Dandi March) ခရီးစဉ် စတင်သည့် နေ့ဖြစ်ပြီး မော်ရေးရှပ်နိုင်ငံ၏ လွတ်လပ်ရေးနေ့လည်းဖြစ်သဖြင့် ထိုနေ့သည် အန္ဒိယနှင့် မော်ရေးရှပ် နှစ်နိုင်ငံစလုံး အတွက် အရေးကြီးသည့် နေ့ဖြစ်သည်ဟုလည်း မူရာမာက မော်ရေးရှပ်သို့ သွားရောက်သည့် နိုင်ငံတော်ခရီးစဉ် အတွင်း ပြောကြားခဲ့သည်။

Source: mid day