၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၄

သီတင်းကျွတ်ရုံးပိတ်ရက်တွင် ပြည်တွင်းခရီးသွားလည်ပတ်မှု ပြန်လည်စတင်လာသည့်အတွက် ၂၀၂၂ ခုနှစ်တွင် ခရီးသွားလုပ်ငန်း အားကောင်းလာနိုင်ကြောင်းနှင့် နှစ်မကုန်ခင်တွင် ရုံးပိတ်ရက်များရှိသည့်အတွက် ပြည်တွင်း ခရီးသွားလာမှု မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆိုသည်။

“လာမယ့် ၂၀၂၂ ၊ ၃လပိုင်းမှာ ပြန်ပြီးတော့များလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ခရီးသွား လုပ်ငန်းက ရပ်တဲ့အထိဖြစ်လာတာပေါ့နော်။ ၇ လပိုင်း ၈ လပိုင်း ၉ လပိုင်းမှာလည်း လုံးဝမရှိဘူး။ ကိုဗစ်ကလည်း အဆိုးဆုံးကာလတွေဖြစ်တယ်။ ၇ လပိုင်း ၈ လပိုင်း ၉ လပိုင်း အဲဒီ ၃ လရဲ့ နောက်ပိုင်းပေါ့နော် ၁၀ လပိုင်း ၁၁ လပိုင်း ၁၂ လပိုင်းတွေမှာတော့ ပြန်ပြီးအားယူလာမယ့်သဘောရှိတယ်။ တိုးတက်မှုတော့ အများကြီးရှိမှာမဟုတ်သေးဘဲနဲ့ ဒီဇင်ဘာ ခရစ္စမတ်မတိုင်ခင်အထိက ခရီးသွားလာမှုက နည်းနည်း မြင့်တက် နေမယ့်အခြေအနေရှိတယ်။ ၂၀၂၂ ထဲဆိုရင်တော့ ပိုပြီးအားကောင်းလာမယ့်သဘောရှိပါတယ် ဒီတိုင်းဆိုရင်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်စတင်ဖြစ်ပွားချိန်မှ လက်ရှိ နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်တွင်း၊ပြည်ပ ခရီးသွားဝင်ရောက်မှု မရှိဘဲ သုညရာခိုင်နှုန်းအထိ ကျဆင်းကာ လုံးဝရပ်တန့်နေသည့် ပြည် တွင်းခရီးသွားလုပ်ငန်းများသည် အောက်တို ဘာ ရုံးပိတ်ရက်ကာလများတွင် ပြည်တွင်းခရီးသွားလာမှုရှိလာသည့်အတွက် ၅ ရာခိုင်နှုန်းခန့် စတင် လည်ပတ် လာကြောင်း သိရသည်။

ပုံစာ(၂)- ကရင်ပြည်နယ်ရှိ ကောကွန်းဂူအလှ

မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က အများဆုံးဖြစ်ခဲ့ကာ စုစု‌ပေါင်း လူဦးရေ ၅ သန်းခန့် ဝင်ရောက်မှုရှိခဲ့ရာမှ အောက်ဆုံးအထိ ကျဆင်းသွားခဲ့ကာ လက်ရှိတွင်မူ (သီတင်းကျွတ်ရုံးပိတ်ရက်မှစတင်ကာ) သောင်းဂဏန်းခန့် ပြန်လည်ရှိလာကြောင်း သိရသည်။

လာမည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအခြေအနေမှာ ယခုကဲ့သို့ တဖြေးတဖြေးတည်ငြိမ်လာပါက ပြည်တွင်း ခရီးသွားများ ပြန်လည်အားယူလာနိုင်ကြောင်း၊ ပြည်တွင်းခရီးသွားအား‌ကောင်းမှသာ ပြည်ပခရီးသွားများပါ ပြန်လက်ခံနိုင်မည့်အခြေအနေမှာရှိသည့်အတွက် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းခရီးသွားများကို မျှောင်လင့်နေကြကြောင်း ဦးနောင်းနောင်းဟန်က ရှင်းပြသည်။

ပုံစာ(၃)- ညောင်ရွှေမြို့နယ်ရှိ အင်လေးအိုင်အလှ

“ဟိုတယ်တွေကလည်း ပြည်တွင်းခရီးသွားတွေနဲ့ပဲ ပြန်ဖွင့်မယ်၊ အစပြုမယ်။ နောက်တည်ငြိမ်သွားရင် ဒုတိယ အဆင့် ပြည်ပခရီးသွားတွေကို ပြန်ပြီးလက်ခံမယ်ပေါ့။ အဲဒီလိုမျှော်လင့်ထားတယ်။ ဒါကြောင့်မို့လို့ ၂၀၂၂ ထဲမှာ ပြည်တွင်းခရီးသွားကို ပထမ ၃ လပတ် ၂ ခုဖြစ်တဲ့ ဇန်နဝါရီကနေ မတ်လအထိ ကြားထဲမှာ တစ်ခု၊ နောက်တစ်ခါ ဒုတိယ ၃ လပတ်ဖြစ်တဲ့ ဧပြီမှာ သင်္ကြန်ရှိတယ်။ အဲဒီကာလတွေမှာ ပြည်တွင်းခရီးသွားလုပ်ငန်းကို တည်တည် ငြိမ်ငြိမ်နဲ့ တိုးတက်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင် လာမယ့် ၂၀၂၂ အောက်တိုဘာမှ ပြန်စမယ့် ပွင့်လင်းရာသီ ပေါ့နော်။ အခုလိုရာသီမျိုးမှာ ပြည်ပခရီးသွားတွေအများကြီး ပြန်ဝင်လာဖို့ရှိပါတယ်” ဟု ဆိုသည်။

ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုများမရှိသည့်အတွက် ခရီးသွား လုပ်ငန်းများအား ရပ်နားထားရကာ ၈၀ ရာခိုင်နှုန်းခန့်မှာ အပြီးရပ်တန့်သွားသည့် အနေအထားမှာ ရှိကြောင်း သိရသည်။

ထို့အပြင် ခရီးသွားလုပ်ငန်းများသာမက ၎င်းနှင့်ဆက်နွယ်နေသည့် လက်မှုပစ္စည်းရောင်းချသူများ၊ အမှတ်တရ ပစ္စည်း‌ရောင်းချသူများ အစရှိသည့်လုပ်ငန်းများကိုပါ များစွာ ထိခိုက်စေခဲ့သည်။