CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃

ကျပ်သိန်း ၂၀၀ အထက် ပိုသည့် အရောင်းအဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ငွေပေးချေမှုများကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (နိုဝင်ဘာ ၃ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း  ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် အလို့ငှာ အခြေပစ္စည်းနှင့် ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေး ချေမှုနှင့် အခြားငွေပေးချေမှုများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက် မပိုစေရဟု ဖော်ပြထားသည်။

ထိုပမာဏထက်ပိုသည့် မည်သည့်ပေးချေမှုများအတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဒဏ်ဂျစ်တယ်ငွေပေးချေမှုနည်း လမ်းများဖြစ်သော မိုဘိုင်းဘဏ်လုပ်ငန်း(Mobile Banking)၊ အင်တာနက်ဘဏ်လုပ်ငန်း(Internet Banking)ဖြင့် ပေးချေ ခြင်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ ချက်လက်မှတ်/ငွေပေးအမိန့်လွှာ(PO)များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းပေးချေ ခြင်း(Account Transfer)နှင့် ငွေသားဖြင့် ဘဏ်သို့ပေးသွင်းပြီး ငွေပေးသွင်းပြီးကြောင်း စာရွက်စာတမ်း အထောက် အထားများ တင်ပြ၍ ငွေပေးချေခြင်း နည်းလမ်းများကို အသုံးပြုရမည်ဟု ဆိုထားသည်။

အဆိုပါ အမိန့် ကြော်ငြာစာကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်းခံရမည်ဟု ဗဟိုဘဏ်က ဆိုသည်။