CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အသေးစား၊ အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများအပေါ် ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ရုံဖြင့် သိနိုင်သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ MSME လုပ်ငန်းများအတွက် ဈေးကွက်နှင့် နည်းပညာ အထောက်အပံ့များ လိုအပ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက CNI သတင်းဌာန သို့ ပြောသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် သက်ဆိုင်ရာ အစိုးရအဆက်ဆက် ချေးငွေများ ထုတ်ပေးခြင်းဖြင့် ကူညီခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုသည် နည်းပါးလျက် ရှိနေသည်။

ဈေးကွက်နှင့် နည်းပညာ မရရှိဘဲ ချေးငွေရရှိရုံဖြင့် အဆင်ပြေမည် မဟုတ်ကြောင်း၊ ချေးငွေထုတ်ချေးပေးခြင်း အပြင် နည်းပညာနှင့် ဈေးကွက်များကိုလည်း ထောက်ပံ့ရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “SME ဆိုတာက ရှင်းရှင်းပြောရင်တော့ သူ့အတွက် နည်းပညာတွေ လုပ်ပေးရမယ်။ ဈေးကွက်တွေ လုပ်ပေးရမယ်။ ကုန်ကြမ်းရရှိရေးတွေ လုပ်ပေးရမယ်။ ထုတ်လုပ်ရေး နည်းစဉ်တွေ ကောင်းအောင် လုပ်ပေးရ မယ်။ အဲဒါတွေ အကုန်လုံးရှိအောင် လုပ်ပေးပြီးတော့မှ SME ဆိုတာ တိုးတက်လာမှာလေ။ ပိုက်ဆံထုတ်ချေးရုံ သပ်သပ် စဉ်းစားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ပိုက်ဆံ ထုတ်ချေးပေးလိုက်ရင် ပိုက်ဆံပဲ ယူသုံးသွားမှာ။ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အချိန်တန်ရင် အကြွေးပဲ တင်ခဲ့မှာ။ ဒါက ထူထောင်တဲ့ နည်းစဉ်မဟုတ်ဘူးဆိုတာ ဆရာ တို့ သုံးသပ်တယ်” ဟု ပြောသည်။

စဉ့်အိုးလုပ်ငန်းကိုတွေ့ရစဉ်

မြန်မာနိုင်ငံကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော နိုင်ငံများအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းသည် အရေးပါသည်။

သို့သော်လည်း လက်ရှိတွင် ပြည်တွင်းရှိ MSME လုပ်ငန်း အများစုသည် ဈေးကွက်မရှိခြင်းကြောင့် ထုတ်လုပ်မှုနှုန်း လျော့ကျလာပြီး လုပ်ငန်း ရပ်တန့်သွားသည်များလည်း ရှိနေသည်။

ထိုကဲ့သို့ တိုးတက်မှုနှုန်း လျော့ကျသွားခြင်းသည် တိုင်းပြည်၏ စီးပွားရေး တည်ငြိမ်မှုနှင့် ကျဆင်းမှုအပေါ် တိုက် ရိုက် ဆက်နွယ်နေသည်။

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှုနှင့် တိုက်ရိုက် ဆက်စပ်နေလိမ့်မည်ဖြစ်သည်။

ထို့နောက် MSME လုပ်ငန်းများအတွက် ချေးငွေ ထုတ်ချေးပေးရာတွင် တချို့သော လုပ်ငန်းများမှ ချေးငွေ ရရှိခြင်း မရှိဖြစ်နေကြောင်း၊ လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ပို့ဆောင်မှု လမ်းကြောင်း အခက်အခဲ ကြောင့် ထုတ်လုပ်မှုနှုန်းနှင့် သုံးစွဲမှုနှုန်းသည် မမျှသည့် အနေအထားနှင့် ကြုံတွေ့နေရသည်ဟု မန္တလေးတိုင်း    ဒေသကြီး၊ ကြည်ပြာ ဥစားကြက်မွေးမြူရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ယွန်းထည်လုပ်ငန်းကိုတွေ့ရစဉ်

၎င်းက “တချို့လုပ်ငန်းရှင်တွေတော့ ချေးငွေရတာ ဟုတ်တယ်။ အကုန်လုံးတော့ မပါဘူးပေါ့။ ကြည့်ရတာ နည်းနည်း အဆက်ဆက်ရှိမှ အသေးစား၊ အလတ်စားထဲ သွားတယ်။ တချို့အသေးတွေကျတော့လည်း သူက မပေးပြန်ဘူး။ အဓိကက ဈေးကွက်မရှိဘူး ဖြစ်နေတယ်။ ထုတ်လုပ်တဲ့နေရာတွေက အခု အနည်းနဲ့အများ ရှိသေး တယ်။ နိုင်ငံရေးကြောင့် အဓိက ဆိုင်မှာပေါ့နော်။ ထုတ်လုပ်တဲ့ နေရာတွေက ရှိသေးတယ်။ ဒါပေမယ့် စားသုံးတဲ့ နေရာတွေကျတော့ အဲဒီကို ပို့ဖို့ လမ်းကြောင်းပိတ်နေတာ အခုက။ အဲဒါ တစ်ကြောင်းပေါ့၊ နောက်တစ်ခုကျတော့ အစ်ကိုတို့ ခြုံငုံကြည့်တာတော့ လူတွေကိုယ်တိုင်က စားနိုင်တဲ့ ပိုက်ဆံ မရှိတော့ဘူး။ အဲဒီအခါကျတော့ စားသုံးမှု က ကျလာတာ။ စားသုံးမှု ကျတာက တစ်ကြောင်း၊ နောက်တစ်ခုက ပုံမှန်ထုတ်လုပ်တဲ့ နေရာမှာမှ ကြားက သယ်ယူပို့ဆောင်ခ မရတော့ ဒီဘက် ထုတ်လုပ်တဲ့ နေရာတွေမှာ ပုံနေတာ ဈေးကွက်က ပစ္စည်းက။ ဟိုဘက် လုံးဝ မရှိတဲ့နေရာကျတော့လည်း ဈေးကြီးသွားတယ် အဲဒီလိုဖြစ်သွားတယ်။ ထုတ်လုပ်တဲ့နေရာတွေက စစ်မဖြစ်တဲ့ နေရာတွေဆိုတော့ ပုံမှန်အတိုင်း ထုတ်လုပ်လို့ရသလို ဖြစ်နေတာ” ဟု ပြောသည်။

ထိုအပြင် လက်ရှိတွင် တချို့သော အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းများသည် တင်သွင်းခွင့် လိုင်စင် အခက်အခဲများလည်း ဖြစ်ပေါ်လျက် ရှိနေသည်။

ခေတ်အဆက်ဆက် ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးလာစေရန် အတွက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့်အပြင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းသည်လည်း မရှိ ဖြစ်နေကြောင်း၊ ထို့နောက် ထိုလုပ်ငန်းများသည် ရပ်တည်နိုင်ဖို့ပင် ခက်ခဲနေကြသည့် အနေအထားတွင် ဖြစ်ပေါ် နေသည်။

နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာရန်အတွက် လုပ်ဆောင်ရာတွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ရေရှည်ရပ်တည်းရေးအတွက်ကိုလည်း စဉ်းစားသင့်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ကြသည်။