CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြတ်လပ်မှုနှင့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်လာခြင်းတို့ ကြောင့် လျှပ်စစ်ကား(EV)ကို ဝယ်ယူအသုံးပြုမှု ပိုမိုများပြားလာနိုင်သလား စီးပွားရေးလုပ်ငန်းရှင်များကြား သုံးသပ်လျက်ရှိနေသည်။ 

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီဝယ်မရခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီနေရခြင်း၊ အကန့်အသတ် ဖြင့်သာ ဝယ်ယူနေရခြင်း၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်လာခြင်း စသည့် အခြေအနေများကြောင့် EV လျှပ်စစ်ကား အသုံးပြုရန် စဉ်းစားလာသူများ ရှိနေသည်။

မြန်မာနိုင်ငံ စက်သုံးဆီ အခက်အခဲနှင့် စက်သုံးဆီ ကုန်ကျစရိတ် သက်သာစေရန်အတွက် EV လျှပ်စစ်ကားကို အသုံးပြုမည် မဟုတ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် EV လျှပ်စစ်ကားနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းမှုအပိုင်း၊ အာမခံချက်နှင့် အားသွင်းသည့် နေရာ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် စက်သုံးဆီနှင့် ပတ်သက်သည့် ကုန်ကျစရိတ် သက်သာစေရုံအတွက်ဖြင့် EV လျှပ်စစ်ကားကို ဝယ်ယူအသုံးပြုကြမည် မဟုတ်ကြောင်း Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

လျှပ်စစ်ကား အားသွင်းနေစဉ်

၎င်းက “EV ကားက လူတိုင်းက လက်ခံလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ EV မှာ ပြဿနာတွေ ရှိတယ်။ ဥပမာ ကားအရည်အသွေးတွေ၊ စက်ပစ္စည်း ညံ့ဖျင်းတာတွေကို ကျနော်ပြောလိုတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ EV ကားရဲ့ အနေအထားက ကိုယ့်အိမ်မှာ ဝယ်ထားဖို့အတွက် စက်သုံးဆီက အဓိကဖြစ်တာ မဟုတ်ဘူး။ သူများ နိုင်ငံတွေမှာဆိုရင် cooperation တွေနဲ့ လုပ်တာ။ အစိုးရက ဦးဆောင်ပြီးတော့မှ ဥပမာ Taxi ဂရုကြီးတွေက EV ပြောင်းတာတို့၊ public ကို အရင်ပြောင်းတာ။ အခုကကျတော့ လူတွေကြားထဲမှာ ဝယ်တာဆိုတော့၊ အခုက EV ကားလည်း ဒီလောက်ကြီး မဝယ်ကြဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာက public ကို ရောင်းဖို့ဆိုရင် public က public ထဲမှာပဲ EV ကားကို ပြင်ဆင်ဖို့အတွက် ဝေါ့ရှော့တို့ ဘာတို့၊ ဒါတွေက အများကြီး စကားပြောတာလေ။ လူတစ်ယောက်က EV ကားတစ်စီး ဝယ်မယ်ဆိုလို့ရှိရင် စက်သုံးဆီ သက်သာတယ်ဆိုရုံ တစ်ခုတည်းနဲ့တော့ အဲဒါ ကို ဆုံးဖြတ်မှာ မဟုတ်ဘူး။ အများစုပေါ့နော် ဥပမာ- ကိုယ် ဝယ်ရင်လည်း ဒီလိုပဲပေါ့နော်၊ စက်သုံးဆီ ဈေးသက် သာရုံနဲ့ မရဘူး၊ ရေရှည်မှာ ကိုယ့်အတွက် အဆင်ပြေနိုင်ဖို့ပေါ့၊ အာမခံချက် ဘယ်လောက်ပေးနိုင်မလဲ၊ ဒါတွေကို ကြည့်ပြီး ဝယ်ရတာ”ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံတွင် လတ်တလောမှာ Charging station နှင့် maintenance အပိုင်းများ သေချာမရှိသေး သည့်အတွက်လည်း EV ကားကို ဝယ်ယူရန် စိတ်အားမထက်သန်ကြခြင်း ဖြစ်သည်။

ဦးသီဟပိုင်က “မြန်မာပြည်မှာက လောလောဆယ် Charging station နဲ့ maintenance အပိုင်းတွေ၊ workshop တွေ သေချာ မရှိသေးတဲ့အပေါ်မှာ ဘယ်သူမှ မဝယ်ရဲဘူး။ အဲဒါကြောင့်မို့လို့ ဗီယက်နမ်တို့ ဘာတို့မှာ EV လုပ် တယ်ဆိုရင်လည်း ဂရုတွေက သူတို့ရဲ့ ကုမ္ပဏီကနေပြီးတော့ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင် တက္ကစီတွေ ဆွဲလိုက် တာပေါ့နော်၊ အဲဒီအခါကျမှ လူက တဖြည်းဖြည်း ကြည့်ပြီးတော့ ဝယ်တာ။ အခုမှ သူက စလုံးရေးစ မားကတ်တင်း ကို လိုချင်တယ် ကြည့်နေတာဆိုတော့ စက်သုံးဆီကြောင့်တော့ EV ကားကို ရွေးချယ်ရမယ်လို့တော့ မရှိဘူး။ အဲဒါ ကြောင့်တော့ မဖြစ်နိုင်ဘူးပေါ့နော်၊ EV ကတော့ အခုကတော့ တစ်ကမ္ဘာလုံးရဲ့ New Trend ဖြစ်တဲ့အတွက် ကြောင့်မို့လို့ change တာတော့ change မယ်၊ ဒါပေမယ့် အဲဒီလောက် မမြန်ဘူး” ဟု CNI သတင်းဌာနသို့ ပြော သည်။

ရန်ကုန်မြို့အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းကနေ စတင်၍ စက်သုံးဆီ ပြတ်လပ်မှု အခက်အခဲနှင့် ကြုံတွေ့ခဲ့သည်။ ထို့နောက် EV ကားဈေးနှုန်းများလည်း မြင့်တက်လာသည်ကို တွေ့ရသည်။

ယခင်က သိန်း ၈၀၀ တန် EV ကားတစ်စီးသည် လက်ရှိတွင် သိန်း ၉၀၀ မှ သိန်း ၁၀၀၀ အထိ မြင့်တက်သွား သည်ကို EV ကားဈေးကွက်အတွင်းမှ သိရသည်။

 ဗဟိုဘဏ်၏ ဒေါ်လာရောင်း၀ယ်မှု လွတ်လပ်စွာလုပ်နိုင်ကြောင်း ထုတ်ပြန်ချက်ကိုတွေ့ရစဉ် 

EV ကားဈေးနှုန်းများ မြင့်တက်သွားရခြင်းသည် စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်မှုကြောင့် ရောင်းချသူများက ဈေးကွက်ကစားခြင်း၊ ဗဟိုဘဏ်၏ ဒေါ်လာဈေးနှုန်း ထိန်းချုပ်မှုကို ဖွင့်ပေးလိုက်ခြင်းများကြောင့် ဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။ 

စက်သုံးဆီ အခက်အခဲကြောင့် EV လျှပ်စစ်ကားကို ဝယ်ယူသုံးစွဲကြမည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံ၏ EV နှင့် ပတ်သက်သည့် ဖွဲ့စည်းတည်ဆောက်ပုံများနှင့် အားသွင်းသည့် နေရာများသည် လိုအပ်ချက်များ ရှိနေသေး ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထွက်ပေါက်မရှိလို့ EV ဘက်သွားရင် EV ကရော သူ့မှာ infrastructures ပြည့်စုံပြီလားလို့ ဆရာတို့ မေးပြီ လေ။ infrastructures မပြည့်စုံဘဲနဲ့ EV ဘက် ဘယ်လိုသွားမလဲ။ EV ကားတွေ သွင်းတဲ့နေရာမှာလည်း EV လည်း အဲဒီလိုပဲ Power Station မရှိရင် ဘယ်နားသွားဖြည့်မလဲ၊ ဖြည့်လို့မရရင် အဲဒီ EV ကားတွေ လမ်းမှာ ပုံနေမှာပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြဿနာသည် မည်သည့် အချိန်ကာလအထိ ဆက်လက် သွားနိုင်ကြောင်းကို မသိနိုင်သေးကြောင်း၊ ယခုထက် အခြေအနေ ပို၍ ဆိုးရွားလာပါက ကုန်ထုတ်လုပ်မှုများ နှောင့်နှေးခြင်း၊ ကုန်စည်ပို့ဆောင်မှုများ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြလျက်ရှိသည်။

ထို့နောက် ကုန်ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာသူများက ပြောသည်။