CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၄ 

ထိုင်းနိုင်ငံတစ်ဝန်းတွင် အတိုးနှုန်း မတန်တဆများပြားသည့် မြီရှင်များထံမှ ချေးငွေရယူထားသူ ၃၇,၅၇၉ ဦးသည် ၎င်းတို့၏ အကြွေး စုစုပေါင်း ဘတ် ၁ ဒသမ ၅ ဘီလျံကို ပြန်လည် ပေးဆောင်ရန်အတွက် အစိုးရထံမှ အကူအညီ တောင်းခံလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းတွင် တွေ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။ 

နိုင်ငံတစ်ဝန်းတွင် ငွေတိုးချေးသူ ၁၉၀၆၁ ဦးကို ပြန်လည်ပေးဆပ်ရမည့် ချေးငွေ ရယူထားသူများ၏ ပြန်လည် ပေးဆပ်ရမည့် အကြွေး စုစုပေါင်း ဘတ် ၁ ဒသမ ၅၃ ဘီလျံရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝင် ဆုသီပွန် ချူလ်ချာရွန် (Sutthipong Chulcharoen) က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းပြည်သူလူထုကို တွေ့ရစဉ်

ဘန်ကောက်မြို့တော်သည် အလွတ်သဘော ချေးငွေရယူသူ အများဆုံးဖြစ်ပြီး စုစုပေါင်း ၂၄၉၆ ဦးရှိကာ ဆွန်ခလာ (Songkhla) မြို့တွင် ချေးငွေရယူသူ ၁၆၁၀ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။

ထို့နောက် နာခွန်း စီ သမ္မာရတ် (Nakhon Si Thammarat) တွင် ၁၄၈၉ ဦး၊ နာခွန်း ရတ်ချာစီမာ (Nakhon Ratchasima) တွင် ၁၄၄၁ ဦးနှင့် ဆာမွတ် ပရာကန် (Samut Prakan) မြို့တွင် ၁၆၅ ဦး ရှိသည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

ငွေတိုးချေးသူများကို အကြွေး ပြန်မဆပ်နိုင်သည့် လူများသည် အစိုးရ၏ ချေးငွေဆိုင်ရာ ဝက်ဘ်ဆိုက်၊ ပြည်နယ် များ၏ မြို့တော်ခန်းမများ၊ ခရိုင်ရုံးများ သို့မဟုတ် အရေးပေါ် ဆက်သွယ်ရေး ဖုန်းလိုင်း ၁၅၆၇ ကို ဆက်သွယ်ပြီး အကူအညီများ တောင်းခံခဲ့သည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ပြည်သူများ၏ ချေးငွေပြဿနာကို ကူညီဖြေရှင်း ပေးမည်ဟု မကြာသေးမီက ကတိပြုခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနက အလွတ်သဘော ချေးငွေရယူခဲ့သူများကို ဖိတ်ကြား၍ အကူအညီတောင်းခံမှုအတွက် စာရင်းသွင်းရန် တိုက်တွန်းခဲ့သည်။

Ref: ဘန်ကောက်ပို့စ်