CNI International News

ဘန်ကောက်ပို့၊ နိုဝင်ဘာ ၂၄ 

တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် နိုင်ငံ၏ ခရီးသွားကဏ္ဍ မဟာဗျူဟာ အစီအစဉ်အသစ်များအား ပြန်လည် ရေးဆွဲရန် လိုအပ်သည်ဟု ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့ (TAT) ၏ အုပ်ချုပ်ရေးမှူးဟောင်း ယူသာဆက် စူပါဆွန်း (Yuthasak Supasorn) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရုတ်ပြည်မကြီးမှ ခရီးသွားများ ဝင်ရောက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်က တရုတ်ခရီး သွားများ ဝင်ရောက်မှုနှုန်း၏ ၂၆ ဒဿမ ၈ ရာခိုင်နှုန်းသာရှိသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ချိန်တွင် TAT အကြီးအကဲဟောင်း၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အစိုးရအနေနှင့် တရုတ်လေကြောင်းလိုင်းများနှင့်အတူ ဈေးနှုန်းမျှတပြီး သာတူညီမျှမှုရှိသည့် အခကြေးငွေ နှုန်းထားများနှင့်ပတ်သက်ပြီး ထိုင်းလေကြောင်းလိုင်းများအတွက် လေကြောင်းပျံသန်းမှု ခရီးစဉ်များ ပိုမို ပြေးဆွဲခွင့်ရရှိရန် တရုတ်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ယူသာဆက်က ပြောကြားခဲ့သည်။ 

တရုတ်ခရီးသွားများနဲ့ ယူသာဆက် စူပါဆွန်းကို တွေ့ရစဉ်

အပူချိန်လျှော့ကျပြီး အေးသည့်ရာသီဥတုဖြစ်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ထိုင်းနှင့်တရုတ်အကြား လေကြောင်းလိုင်း ပြေးဆွဲမှုများသည် ၂၀၁၉ ခုနှစ်ကနှင့်နှိုင်းယှဉ်ပါက ၂၄ ဒဿမ ၃ ရာခိုင်နှုန်း ရှိလာလိမ့်မည်ဖြစ်သည်။ 

ထိုကာလအတွင်း လေကြောင်းလိုင်း ပြေးဆွဲမှုအကြိမ်ရေ ၁၆,၃၃၀ ရှိနိုင်ပြီး ၂၀၁၉ ခုနှစ် ကာလတူအတွင်း ၆၇,၀၆၂ ကြိမ်ရှိခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်အထိ ရရှိထားသည့် အချက်အလက်များအရ ယခုနှစ်အတွင်း ထိုင်းသို့ ရောက်ရှိသည့် တရုတ် နိုင်ငံသား ၂ ဒဿမ ၉၈ သန်းရှိခဲ့သည်။ ထိုရာခိုင်နှုန်းသည် ၂၀၁၉ ခုနှစ်က ထိုင်းသို့ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံ သား အရေအတွက်၏ ၂၆ ဒဿမ ၈ ရာခိုင်နှုန်းရှိခဲ့သည်။ 

တရုတ်ခရီးသွားများကိုတွေ့ရစဉ်

ယခုနှစ်အတွင်း နေ့အလိုက် ထိုင်းသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံသား အရေအတွက်သည် ၉၁၉၆ ဦးရှိပြီး ၂၀၁၉ ခုနှစ်တွင် နေ့အလိုက် ထိုင်းသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံသား အရေအတွက် ၃၀၀၀၀ ခန့်ရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံသား သန်း ၄၀ ခန့်သည် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ၎င်းတို့အနက် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ သန်းခန့်သည် မက္ကာအိုနှင့် ဟောင်ကောင်ဒေသများသို့ သွားရောက် ခဲ့ခြင်း ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်