CNI International News

ဟနွိုင်း၊ နိုဝင်ဘာ ၃၀

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး Samsung ကုမ္ပဏီ အပါအဝင် နိုင်ငံပေါင်းစုံတွင် အခြေစိုက် ဖွင့်လှစ်ထားသည့် ကုမ္ပဏီများအား အခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် ဗီယက်နမ်လွှတ်တော်က နိုဝင်ဘာ ၂၉ ရက်၌ အတည်ပြုခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။ 

ထို့ပြင် ဗီယက်နမ်၏ စီးပွားရေးအတွက် မှီခိုနေရသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် ထိုးနှက်ချက်ဖြစ်စေမည့် စီမံချက်များကို ရွှေ့ဆိုင်းရန် ဗီယက်နမ်လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ယခုကဲ့သို့ အခွန်နှုန်းထား တိုးမြှင့်မှုသည် ကမ္ဘာလုံးဆိုင်ရာ အခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေး၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဗီယက်နမ်လွှတ်တော်က အတည်ပြုခဲ့ပြီး အစိုးရအနေနှင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံ မှုများကို ဆွဲဆောင်သည့် အစီအစဉ်များ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ဗီယက်နမ်လွှတ်တော်၏ ဘဏ္ဍာရေးကော်မရှင်အကြီးအကဲ လီကွမ်မန်ကို တွေ့ရစဉ်

"အမျိုးသားလွှတ်တော်ဟာ ဒီအချိန်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ကွဲလွဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခြင်း မရှိပါဘူး" ဟု ဗီယက်နမ်လွှတ်တော်၏ ဘဏ္ဍာရေးကော်မရှင်အကြီးအကဲ လီကွမ်မန် (Le Quang Manh) က ပြောကြားခဲ့သည်။ 
ဗီယက်နမ်၏ ကော်ပိုရိတ် ဝင်ငွေခွန်သည် ယခင်ကတည်းက ၂၀ ရာခိုင်နှုန်း သတ်မှတ်ထားခဲ့သော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် သတ်မှတ်ထားသည့် နှုန်းထားကို နှစ်ကာလများစွာကြာ လျှော့ချပေးခဲ့သည်။ 

လက်ရှိ ကောက်ခံမည့် အခွန်နှုန်းထား အသစ်အရ ဗီယက်နမ်နိုင်ငံအတွင်းရှိ ပြည်ပကုမ္ပဏီ ၁၂၂ ခုသည် ၎င်းတို့၏ အခွန်ပေးဆောင်မှုများ မြင့်တက်မှုကို ကြုံတွေ့ရမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံအတွက် တစ်နှစ်လျှင် ဒေါင် ၁၄ ဒသမ ၆ ထရီလျံ (ဒေါ်လာ ၆၀၁ သန်း) ခန့် အခွန်ထပ်မံ ရရှိမည်ဖြစ်သည်။

ထိုအခွန်တိုးမြှင့်မှုကို တောင်ကိုရီးယား၏ Samsung ကုမ္ပဏီက အများဆုံး ပေးဆောင်ရမည် ဖြစ်သည်။ 

Samsung ကုမ္ပဏီကို တွေ့ရစဉ်

အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်နိုင်ငံတွင် Samsung ကုမ္ပဏီ၏ စက်ရုံများသည် ဒေါ်လာ ဘီလျံနှင့်ချီ ရရှိနေသည့် အကြီးမားဆုံး စီးပွားရေးအင်အားစု ဖြစ်သည်။

Samsung ကုမ္ပဏီသည် ၎င်း၏ စမတ်ဖုန်း ထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ဗီယက်နမ်တွင် ထုတ်လုပ်နေခြင်း ဖြစ်ပြီး ဗီယက်နမ်၏ ပြည်နယ်များတွင် ဖွင့်လှစ်ထားသည့် Samsung ကုမ္ပဏီတစ်ခုသည် ၂၀၁၉ ခုနှစ်တွင် အခွန် ၅ ဒသမ ၁ ရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ရသည်။ 

ယခုတွင် ဗီယက်နမ်၏ အခွန်တိုးမြှင့်မှု အစီအစဉ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို Samsung ကုမ္ပဏီက တုန့်ပြန်ခဲ့ခြင်းမရှိပေ။

Source: CAN