CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၃၀ 

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်ကဏ္ဍပိုင်း အားနည်းနေမှုကြောင့် နှေးကွေးနေချိန်တွင် ဘဏ်အတိုးနှုန်းကို (၈)လဆက်တိုက် တိုးမြှင့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘဏ်အတိုးနှုန်းကို ၂ ဒသမ ၅၀ ရာခိုင်နှုန်း သတ်မှတ်ထားမှုကို ပြောင်းလဲခြင်းမရှိခဲ့ဘဲ ထိုနှုန်းထားဖြင့်် ဆက်လက် ထိန်းသိမ်းထားသည်ဟု ထိုင်းဗဟိုဘဏ် (Bank of Thailand) က နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။ 

မကြာသေးမီက ရိုက်တာသတင်းဌာနမှ ကောက်ခံခဲ့သည့် စီးပွားရေး စစ်တမ်း၏ ရလဒ်များနှင့်အညီ ထိုဆုံးဖြတ် ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

"စီးပွားရေးပြန်လည် နာလန်ထူတဲ့ အလားအလာကို ရှေ့ဆက်နိုင်ဖို့အတွက် ငွေကြေးမူဝါဒ ကော်မတီဟာ လက်ရှိ မူဝါဒရဲ့ အတိုးနှုန်းကို သတ်မှတ်ထားတဲ့ ပမာဏအတွင်းမှာ ဆက်လက် ထိန်းထားနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ကြီးမားတဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ထိုင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းက နေရာတစ်ခုကိုတွေ့ရစဉ်

နိုဝင်ဘာ ၂၉ ရက်နေ့မှာပင် ထိုင်းဗဟိုဘဏ်က ယခုနှစ်အတွက် ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ယခင်ခန့်မှန်း ထားသည့် ၂ ဒသမ ၈ ရာခိုင်နှုန်းမှ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ 

၂၀၂၄ ခုနှစ်အတွက် စီးပွားရးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ခန့်မှန်းထားပြီး ထိုနှုန်းထားသည် ယခင်ခန့်မှန်းထားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၄ ဒသမ ၄ ရာခိုင်နှုန်းမှ လျှော့ချခဲ့ခြင်းလည်း ဖြစ်သည်။ 

လာမည့်နှစ် မေလတွင် စတင်မည့် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ပေးမည့် အစီအစဉ်ကြောင့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်သည်ဟုလည်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ 

ထိုင်းဗဟိုဘဏ်၏ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ငွေကြေးမူဝါဒ ကြေညာချက်သည် ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) က ထုတ်ပြန်ခဲ့သည့် ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက်ထက် ပိုမိုနည်းပါးခဲ့သည်။

ထိုင်းနိုင်ငံအတွင်းက နေရာတစ်ခုကိုတွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်က NESDC ၏ ခန့်မှန်းချက်သည် ထိုင်းနိုင်ငံ၏ ၂၀၂၃ ခုနှစ် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်းကို ၂ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့သည်။

ထိုနှုန်းထားသည် သြဂုတ်လအတွင်းက ခန့်မှန်းခဲ့သည့် ၃ ဒသမ ၀ ရာခိုင်နှုန်းမှ ၂ ဒမသ ၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ခြင်း ဖြစ်သည်။

Source: Nikkei Asia