CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆

နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားသည့် လောင်စာဆီသုံး မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်နှင့်ပတ်သက်၍ လက်ရှိတွင် ပြန်လည်တင်သွင်းခွင့် ပြုနိုင်ရန် မဖြစ်နိုင်သေးကြောင်း မော်တော်ယာဉ် တင်သွင်းသူများနှင့် ကားမူဝါဒ လေ့လာသူများက ပြောသည်။

မြန်မာနိုင်ငံအတွင်း နှစ် ၂၀ အထက်ရှိ ယာဉ်အိုယာဉ်ဟောင်းများသည် လုံခြုံစွာ အသုံးပြု၍ ရနေခြင်းနှင့် တိုင်းပြည် ၏ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပြည်ပမှ လောင်စာဆီသုံး မော်တော်ယာဉ်များ တင်သွင်းခွင့်သည် ရရှိနိုင်မည် မဟုတ်သေးကြောင်း ကားမူဝါဒ ကျွမ်းကျင်သူများက ပြောသည်။

သို့သော်လည်း ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် မော်တော်ယာဉ်များနှင့် ပတ်သက်၍ ခွင့်ပြု ရန် ပြင်ဆင်နေမှုများ ရှိနေကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၂၀၀၀ ခုနှစ်နဲ့အထက် မော်တော်ကားတွေက ပြန်အပ်ဖို့အတွက် သင့်ပြီလား၊ စီးဖို့ လုံးဝ မသင့်တော့ဘူး လားဆိုတဲ့ ဥစ္စာကို ပြန်စဉ်းစားရင် ပထမဆုံး တစ်ချက်ကတော့ ရွှေငါးတို့၊ ဘာတို့၊ 99 တို့ တိုယိုတာက ထုတ်တဲ့ ကားတွေဆိုရင် စီးနေကြသေးတယ်။ လမ်းပေါ်မှာလည်း Safety ဖြစ်ဖြစ်နဲ့ သွားနေကြသေးတယ်လို့ ယူဆတယ်။ ဒီကားတွေက Safety မဖြစ်တော့လို့ လုံးဝ စုတ်ပြတ်ပြီး စီးလို့ မရတော့လို့ အခြေအနေဆိုရင်တော့ ဒီကားတွေ ပြန်အပ်တဲ့နေရာမှာ အစားထိုး မော်တော်ယာဉ် တင်သွင်းဖို့အတွက် သူတို့က မူဝါဒတစ်ခု ထွက်လာနိုင်ပါတယ်။ လက်ရှိမှာတော့ စီးလို့ရနေသေးတဲ့ အခြေအနေမျိုးမှာ စီးနေတာ ဖြစ်တဲ့အတွက်ကြောင့် မော်တော်ယာဉ် တင်သွင်း ဖို့ အတွက်ကတော့ လောင်စာဆီသုံး ကားတွေနဲ့ ပတ်သက်လို့ မူဝါဒ တစ်စုံတရာ ထပ်ထွက်လာအုံးမယ်လို့ မထင် ဘူး။ နောက်တစ်ခုက လောင်စာဆီသုံးကားကို အစ်ကို့သုံးသပ်ချက်အရ ပြောရမယ်ဆိုရင်တော့ ယာယီအားဖြင့် အသစ် ထပ်ပြီးတော့ ပြည်ပကနေ သွင်းဖို့ကို ခွင့်ပြုဖို့ လမ်းမမြင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားငွေ ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တင်သွင်းခွင့် မပြုထားတဲ့အတွက်ကြောင့် လောင်စာဆီကားကိုလည်း လောလောဆယ် တင်သွင်းခွင့်တော့ ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်တွင်းမှာ ထုတ်လုပ်ဖို့အတွက် SKD ကိစ္စ တွေကိုတော့ သူတို့က ပြင်ဆင်နေတာ ဖြစ်တဲ့အတွက် ပြည်တွင်းကားထုတ်လုပ်ခွင့်ကိုတော့ သူတို့က တချိန်ချိန် ကျလို့ရှိရင် ပြန်ပြီး ခွင့်ပြုလာနိုင်ခြေရှိတယ်” ဟု ပြောသည်။

နေပြည်တော်မှာ လျှပ်စစ်ကားများကို တွေ့ရစဉ်

မြန်မာတစ်နိုင်ငံလုံးတွင် လောင်စာဆီသုံး ကားအစီးရေသည် ၁၀ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားအစီးရေ ၅ သိန်းကျော်အထိ ယာဉ်မှတ်ပုံတင်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ မော်တော်ကား တင်သွင်းခွင့်နှင့် ပတ်သက်၍ လုပ်ငန်းသုံးနှင့် လျှပ်စစ်သုံး EV ကား တင်သွင်းခွင့် ပါမစ်ကို သာ ခွင့်ပြုထားကြောင်း၊ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်၍ အစိုးရ၏ လက်ရှိသွားနေသည့် မူဝါဒ သည် လောင်စာဆီသုံး မော်တော်ယာဉ် အသုံးပြုမှုကို လျှော့ချပြီး လျှပ်စစ်သုံး မော်တော်ယာဉ်များကိုသာ အဓိက ထားနေသည်ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (YRAMDA) ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူက သွားမယ့် မူဝါဒ trend က ပြောပြီးသားလေ။ EV ပဲ ခွင့်ပြုမယ်လို့ ပြောပြီးသား။ အဲဒါကို သူက EV ကို ပိတ်မထားဘူးလေ။ ဖွင့်ထားတယ်လေ။ ဆီကားက နောက်ပိုင်း တဖြည်းဖြည်း ပိတ်ကို ပိတ်သွားမှာ။ ရာသက်ပန်ကို သွားမှာ။ သူသွားမယ့်ဟာက မူဝါဒအားဖြင့် သွားမှာက ဆီကားကို လျှော့ချပြီးတော့ EV ပဲ only သွားမှာ။ SKD ကျတော့ အခု လောလောဆယ် ခွင့်ပြုထားတယ်။ နောက်ပိုင်း SKD ဆီကားကို လျှော့ချပြီးတော့ နောက်ပိုင်း EV ပဲ သွားမှာ” ဟု ပြောသည်။

 လျှပ်စစ်ကား အားသွင်းသည့် နေရာကို တွေ့ရစဉ်

တိုင်းပြည်၏ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် လောင်စာဆီသုံး မော်တော်ယာဉ်များကို တင်သွင်းခွင့် မပြုသော် လည်း ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ပြန်လည်ခွင့်ပြုစေလို ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဘက်ဘက်က သုံးသပ်ရင်တော့ တိုင်းပြည်မှာ essential နဲ့ non – essential ရှိတာကိုး။ လောလော ဆယ်မှာတော့ တိုင်းပြည်ရဲ့ ကုန်သွယ်မှု အနေအထားနဲ့ ကြည့်ရင်တော့ လောလောဆယ်မှာတော့ essential ပစ္စည်းပဲ ဦးစားပေး သွင်းသင့်တယ်လို့ပဲ အကြံပြုလိုတယ်ပေါ့နော်။ non – essential ကတော့ ဇိမ်ခံပစ္စည်းပေါ့ နော်။ မရှိမဖြစ်ကတော့ ရာခိုင်နှုန်း တစ်ခုပေါ့နော်၊ လုံးဝပိတ်ထားတာထက်စာရင် ရာခိုင်နှုန်းတစ်ခုပေါ့ ဆောင်ရွက် ပေးရင်တော့ ကောင်းမယ်ပေါ့နော်။ ဥပမာအားဖြင့် SKD ကို ပြန်လည် ခွင့်ပြုတာတို့ပေါ့နော်။ ဘာလို့ဆို ဒီအတိုင်း လည်း မတင်သွင်းသင့်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီအတိုင်း တင်သွင်းလည်း ပွဲစားတွေ လက်ထဲမှာပဲ တင်သွင်းခွင့်က ဘယ်သူ့လက်ထဲ ရောက်မလဲ တင်သွင်းခွင့်က ရှင်းရှင်းပြောရရင်တော့ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကပဲ ထွက်ကြမှာပဲလေ။ အခု EV ကိစ္စလိုပဲ ဖြစ်နေမှာပဲ။ တင်သွင်းခွင့်ကို လုပ်စားတဲ့ အဖွဲ့အစည်းက ပေါ်လာအုံးမှာပဲ ပေးရင်လည်း။ အကုန်လုံး opening ဖွင့်ဖို့ကျတော့လည်း မဖြစ်နိုင်ဘူးလေ။ ဆရာတို့ အကြံပြုတာ ကတော့ SKD ကို ပြန်လည် ခွင့်ပြုသင့်တယ်လို့ပဲ ဆရာတို့ အကြံပြုလိုတယ်” ဟု ပြောသည်။

နိုင်ငံတကာနှင့် အိမ်နီးချင်း နိုင်ငံများသည် လောင်စာဆီသုံး မော်တော်ယာဉ်အစား လျှပ်စစ်သုံး မော်တော်ယာဉ် များကိုသာ ပြောင်းလဲ အသုံးပြုလာနေပြီးဖြစ်သော်လည်း မြန်မာနိုင်ငံကတော့ နောက်ကျနေကြောင်း ထောက်ပြ ကြသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လျှပ်စစ်ကား၏ တန်ဖိုးသည် သာမန်လူတန်းစားများ အသုံးပြုနိုင် သည့် ဈေးနှုန်း မဖြစ်နေသည်ကို တွေ့ရသည်။