CNI International News

ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၁၃

ရုရှားတွင် ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်းကြောင့် ပြီးခဲ့သည့်လအတွင်း ဗဟိုဘဏ်က အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်း မြှင့်တင်ခဲ့ရပြီး ထိုအခြေအနေကို မထိန်းချုပ်နိုင်ပါက ရုရှား၏ စီးပွားရေးကို ထိခိုက်စေလိမ့်မည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ငွေကြေးဖောင်းပွမှု အခြေအနေများကြောင့် စီးပွားရေးအစီအစဉ်မှာ ရေးဆွဲရန် မဖြစ်နိုင်ကြောင်း ပူတင်က ဗလာဒီဗော့စတော့မြို့တွင် ပြုလုပ်သည့် အရှေ့တိုင်း စီးပွားရေး ဖိုရမ်(Eastern Economic Forum)၌ ပြောကြား ခဲ့သည်။

ရုရှား၏ ရူဘယ် (Rouble) ငွေကြေး မတည်ငြိမ်မှုနှင့် ပတ်သက်ပြီး ပြဿနာများ မရှိကြောင်းနှင့် အာဏာပိုင်များ သည် ငွေတန်ဖိုးနှင့် ဈေးကွက်များကို ထိန်းချုပ်ရန် အစီအစဉ်များစွာ ချမှတ်ခဲ့ကြောင်း ပူတင်က ပြောသည်။

ဒေါ်လာနဲ့ ရူဘယ် ငွေကြေးကိုတွေ့ရစဉ်

စက်တင်ဘာ ၁၂ ရက်က ရူဘယ်ငွေတန်ဖိုးသည် ဒေါ်လာနှင့်နှိုင်းယှဉ်ပါက သီတင်းခြောက်ပတ်အတွင်း ငွေတန်ဖိုး အမြင့်ဆုံးနှုန်းအထိ ရောက်ရှိခဲ့ပြီး ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများက နိုင်ငံခြားငွေကြေး ရောင်းချမှုများကို ပုံမှန် မြှင့်တင်နေကာ ဗဟိုဘဏ်ကလည်း ယခုသီတင်းပတ်အတွင်း အတိုးနှုန်းအား ထပ်မံ မြှင့်တင်ဖွယ်ရှိသည်။

အစိုးရအနေနှင့် လက်ရှိအနေအထားတွင် အခွန်များ တိုးမြှင့်ကောက်ခံရန် လိုအပ်မည်မဟုတ်ကြောင်း ပူတင်က ပြောသည်။

ရုရှားတွင် ယခုနှစ်အတွင်း ဘတ်ဂျက်ဝင်ငွေများကို တိုးမြှင့်ရန် အချို့ကုမ္ပဏီများအား အမြတ်အပေါ် ကောက်ခံ သည့် အခွန်နှုန်းထားကို မြှင့်တင်ခဲ့သည်။

ပြီးခဲ့သည့်လက ရူဘယ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာကို ရူဘယ် ၁၀၀ ကျော် အထိရှိခဲ့သဖြင့် ဗဟိုဘဏ်သည် သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း အတိုးနှုန်းကို ၁၂ ရာခိုင် နှုန်း တိုးမြှင့်ခဲ့ရသည်။

ဒေါ်လာနဲ့ ငွေကြေး တန်ဖိုးကို ပြသထားစဉ်

ထို့ပြင် စက်တင်ဘာ ၁၅ ရက်တွင်လည်း ဗဟိုဘဏ်သည် အတိုးနှုန်းများကို တိုးမြှင့်ဖွယ်ရှိနေသည်ဟု ကျွမ်းကျင် သူများက သုံးသပ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းရှင်များကမူ ယခုသီတင်းပတ်အတွင်း ရူဘယ်ငွေတန်ဖိုး ပြန်လည် မြင့်တက်နေသဖြင့် ဗဟိုဘဏ်သည် အတိုးနှုန်းများအား တိုးမြှင့်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

ဗဟိုဘဏ်သည် ပြီးခဲ့သည့်လအတွင်း အချိန်မီ လုပ်ဆောင်နိုင်ခဲ့သော်လည်း အတိုးနှုန်းများ မြှင့်တင်ခြင်းသည် ငွေချေးလုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထိန်းအချုပ် ဖြစ်စေနိုင်သည်ဟု ပူတင်က ပြောသည်။

မိမိတို့အနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်နေသည့် အခြေအနေအား ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပါက ရေရှည်တွင် စီးပွားရေးအတွက် အဆိုးဆုံး အခြေအနေအထိ ဖြစ်စေနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

Source: ရိုက်တာ