CNI International News

လန်ဒန်၊ ဧပြီ ၂၂

“ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းရဲ့ခြေထောက်ကို မိကျောင်းကိုက်သလို ဝါးမျိုနေပြီ” ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ၎င်း၏အိန္ဒိယခရီးစဉ်အတွင်း ဧပြီ ၂၁ ရက်၌ သတင်းထောက်များကို ပြောကြားခဲ့ကြောင်း အာရ်တီ သတင်းဌာနက ရေးသားဖော်ပြသည်။

ကိယက်ဗ်အစိုးရသည် ရုရှားစေ့စပ် ညှိနှိုင်းနိုင်သည့်ပုံကို မိမိ မမြင်မိကြောင်း၊ အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသို့ အမြောက်နှင့် တခြား စစ်လက်နက်များ ဆက်ပို့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ယူကရိန်းဘက်က ပူတင်နဲ့ ဘယ်လို စေ့စပ်ညှိနှိုင်းမှာလဲဆိုတာ မြင်ကြည့်ရဖို့ ခက်ပါတယ်။ သိသာတာက ပူတင်ဟာ ညှာတာ မှု မရှိတာနဲ့ သူ့ရဲ့ နည်းဗျူဟာတွေသုံးပြီး ယူကရိန်းကို သိမ်းဖို့ ကြိုးစားတာ ထင်ရှားပါတယ်။ သူ့ဘက်က အင်အား တောင့် တင်းတဲ့ အနေအထားကနေ စေ့စပ်ညှိနှိုင်းမှု လုပ်လာနိုင်သလို ကိယက်ဗ်ကို နောက်ထပ် ထိုးစစ်ဆင်တာလည်း ဖြစ်နိုင်ခြေရှိ ပါတယ်” ဟု ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။

ပူတင်သည် တရားဝင် ပြောဆို ဆက်ဆံလာမည့်သူ မည်သို့မည်ပုံ ဖြစ်လာနိုင်ခြေကို မိမိ မမှန်းဆနိုင်ကြောင်း၊ ထိုအချက်ကို ယူကရိန်းဘက်က ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်နှင့် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး) မဟာမိတ်များက ကိယက်ဗ်အစိုးရကို ငွေကြေး နှင့် လက်နက်များ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်သည်။

အိန္ဒိယရောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို တွေ့ရစဉ်(AP)

ယူကရိန်းနိုင်ငံအတွက် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ခေါင်းဆောင်များ၏ သဘောတူညီမှုမှာ ၎င်းဘာသာ ခုခံကာကွယ်ရန် အတွက် လိုအပ်သည်များ ဆက်လက် ထောက်ပံ့သွားရန်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ထပ်လောင်း ပြောကြားခဲ့သည်။

“အခု အခြေအနေက အမြောက်နဲ့လက်နက်ကြီးတွေ အလဲအလှယ်တဲ့ ပဋိပက္ခအဖြစ် ပြောင်းလဲသွားပါပြီ။ ဆိုဗီယက်ခေတ်က အမြောက်ဆန်တွေကို ဗြိတိန်က ပေးဖို့ လုပ်နေပါတယ်။ ဒါ့အပြင် သံချပ်ကာကား အစီးရေ ၁၅၀ လည်း ပေးဖို့ ကျနော်တို့ ကြေညာထား ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဗြိတိန်ပေးမည့် စစ်လက်နက်နှင့် ယန္တရားများထဲတွင် လေယာဉ်ပစ် ဒုံးကျည်များ တပ်ဆင်ထားသော Stormer ခြေရာခံယာဉ် များလည်း ပါဝင်မည်ဟု အာရ်တီက ခန့်မှန်းရေးသား ထားသည်။

အမေရိကန်က ကိယက်ဗ်ထံသို့ တွဲဆွဲဟောင်ဝစ်ဇာ အစင်း ၉၀ ကို ပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီးနောက် ပထမအသုတ် အနေ ဖြင့် ဧပြီ ၂၁ ရက်တွင် ယူကရိန်းနိုင်ငံထဲသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဟောင်ဝစ်ဇာ (Howitzer) ဆိုသည်မှာ ကျည်သွား လမ်းကြောင်း မြင့်သည့် ပြောင်းတိုအမြောက် အမျိုးအစားဖြစ်သည်။

ရုရှား တိုက်ခိုက်မှု ခံထားရသည့် ယူကရိန်း(AP)

လက်ရှိ အခြေအနေတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးသည် ဒွန်ဘတ်စ်ဒေသတွင် အထွတ်အထိပ် အာဏာရှိနေ ဆဲဖြစ်ပြီး ဒွန်နက်ဆက်နှင့် လူဟန်ဆက်တို့ရှိ ရုရှားတပ်ဖွဲ့များကို နှင်ထုတ်ရန် လိုလားနေကြောင်း ဘောရစ်ဂျွန်ဆင်၏ အဆို ကို ကိုးကားလျက် အာရ်တီသတင်းဌာနက ဆက်လက် ရေးသားထားသည်။

ဘောရစ်ဂျွန်ဆင်သည် မော်စကိုနှင့် စစ်ရေး၊ စီးပွားရေး ဆက်ဆံမှုလျော့ချရန် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီကို စည်းရုံးဖို့ ရည်ရွယ်ချက်ဖြင့် နယူးဒေလီသို့ သွားရောက်ခဲ့ပြီး သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့သည်။

Source: အာရ်တီသတင်းဌာန