CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉

လျှပ်စစ်မီး ပြတ်တောက်သည့်အချိန် များပြားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်များသည် ဆန်ထုတ်လုပ်နိုင်မှုများ လျော့ကျလာနေကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ ကာလသည် နွေစပါးများ လှိုင်လှိုင်ပေါ်သည့်ကာလ ဖြစ်သော်လည်း ဆန်စက်များတွင် စပါးကြိတ်ရန် အတွက် လျှပ်စစ်မီး အခက်အခဲရှိနေခြင်းကြောင့် ယခင်ကထက် ဆန်ကြိတ်နိုင်မှု လျော့ကျသွားကြောင်း၊ ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ၁၀၀၀ ကျော် ကြိတ်နိုင်သော်လည်း လက်ရှိတွင် အိတ်ရေ ၁၀၀ ကျော်သာ ကြိတ်နိုင် တော့ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “မီးက မလာတဲ့အတွက်ကို မကြိတ်နိုင်ဘူး။ ကျနော်တို့ကတော့ မကြိတ်နိုင်ဘူးပေါ့။ gas fire ရှိတဲ့ လူတွေ ကတော့ ကြိတ်လို့ရတာပေါ့။ gas fire မရှိတဲ့ သူတွေကတော့ မကြိတ်ဘူးပေါ့။ ကြိတ်ခွဲမှုကတော့ နည်းမှာပဲ မီးမှ မရှိတာကိုး။ ကျနော်တို့ တန်အသေးလေးတွေတောင် တစ်နေ့ကို ၁၂၀၀/ ၁၃၀၀ ကြိတ်လို့ရတယ် ဆန်အိတ်ရေ။ မီးမရဘူးဆိုတော့ တစ်နေ့မှ ၁၀၀ ကျော်လောက်နဲ့ပဲ ပြီးနေတာပေါ့ အများကြီး ကွာသွားပြီ” ဟု ပြောသည်။

ဆန်အိတ်များကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ၌ ဓာတ်အားလုံလောက်မှု မရှိသည့်အတွက် လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ ရရှိနေပြီး တချို့သော ဒေသများ၌ လျှပ်စစ်မီး ရရှိချိန်သည် အနည်းငယ်သာ ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တချို့သော ဆန်စက်များသည် စပါးခွံများဖြင့် လည်ပတ်သည့် ဆန်စက်များ လည်း ရှိကြောင်း၊ ထို့နောက် ဂတ်စ်ဖြင့် လည်ပတ်သည့် ဆန်စက်များလည်းရှိကြောင်း၊ အများစုသည် လျှပ်စစ်မီး ဖြင့် လည်ပတ်သည့် ဆန်စက်များဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီး  အခက်အခဲကြောင့် ဆန်ထွက်ရှိမှု နည်းပါးသွားခြင်းနှင့်အတူ ရန်ကုန်သို့ ဆန်ဝင်ရောက်မှု နည်းပါးသွား ကြောင်း၊ ထို့နောက် ဆန်ဈေးနှုန်း ထပ်မံ၍ တက်လာနိုင်ကြောင်း ကုန်သည်များက ပြောသည်။

လက်ရှိတွင် ဆန်ဝယ်ယူမှု များပြားနေပြီး ဆန်ဈေးနှုန်းများလည်း မြင့်တက်သွားကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆန်က ဝင်ရောက်မှု နည်းတယ်။ နောက် မီးလည်း ပြဿနာ ရှိတယ် ကြိတ်ရတဲ့အခါ။ လျှပ်စစ်မီးကြောင့် ကြိတ်အားနည်းတာလည်း ပါတယ်။ စပါးဈေးကလည်း တက်တယ်။ စပါးဈေးကလည်း ဆန်ဈေးထက်ကို ကျော် ကျော်ပြီး ခေါ်နေတော့လေ။ ဆန်ဈေးက နည်းနည်းလေး တက်မယ်လို့ အမြင်ဆူနေတော့ အကုန်လုံးက ဝယ်တဲ့ ဘက်ကပဲ များနေတာ အဲဒါကြောင့်မို့လည်း ဈေးတက်တာ။ ပုံမှန်လေး အရောင်းအဝယ် ဈေးတက်ဖို့ သိပ်မရှိဘူး ငြိမ်နေမယ်ဆိုရင်တော့ သူ့ဟာနဲ့သူ အရောင်းအဝယ် ပုံမှန်ဖြစ်နေရင်တော့ မတက်နိုင်ဘူး” ဟု ပြောသည်။

ဆန်စက်တစ်ခုကိုတွေ့ရစဉ်

ထို့နောက် စပါးလှိုင်လှိုင် ပေါ်ချိန်၌ ကုန်သည်များက တောင်သူများထံမှ စပါးများကို ဈေးနှိမ်ဝယ်ယူကြသော် လည်း လက်ရှိအချိန်မှာတော့ တောင်သူများထံတွင် စပါးလက်ကျန် မရှိသလောက် ဖြစ်ပေါ်နေပြီ ဖြစ်သည့်အတွက် စပါးဈေးနှုန်းများသည် အမြင့်ပိုင်းသို့ ရောက်ရှိလာနေကြောင်း သိရသည်။

ဆန်စက်ပိုင်ရှင်များအနေဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးသွားသည့်အတွက် ရန်ကုန်သို့ ဆန်များ မပို့နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နယ်မှာက တောင်သူတွေ အပြိုင်အဆိုင် အင်နဲ့အားနဲ့ ပေါ်တဲ့အချိန်ကျတော့ စပါးဈေးလည်း နည်းနည်း နှိမ်လို့ရတာပေါ့။ နှိမ်ဝယ်ပြီး ကြိတ်ပြီး တိုက်ရိုက်ပို့တာပေါ့။ ဒါပေမယ့် လောလောဆယ်မှာ အခုကျတော့ စပါးက လည်း ရေဆစ်ပိုင်း ရောက်သွားပြီလေ။ နွေစပါးက ရေဆစ်ပိုင်း ရောက်သွားတဲ့အတွက် ဒီဘက်မှာလည်း စပါးဈေး က နည်းနည်းလေး တက်တယ်။ ဆန်ဈေးက တိုးမပေးတဲ့အတွက် အခု စပါးဈေး တိုးမြှင့်ဝယ်ရတာ။ အခု စပါး ၁၀၀ ကို ပျမ်းမျှ ၁ သိန်း၊ ၁ သိန်းခွဲ၊ ၂ သိန်းအထိလောက် အရင်ရင်နဲ့စာရင်လေ ပြီးခဲ့တဲ့ ကျတဲ့ရက်နဲ့စာရင် နည်း နည်းလေး စပါးဈေးက တက်သွားတယ်လေ။ တက်သွားတဲ့အတွက် သူတို့လည်းပဲ ဆန်ဈေး တက်မပေးရင် ဈေး မကိုက်တော့ နည်းနည်း ပို့ဖို့အတွက် နည်းနည်း ဆိုင်းသွားတာပေါ့ အဲဒီသဘောပါပဲလို့။ ရှုံးရင်လည်း ရှုံးသွားနိုင် တယ်။ အဲဒီတော့ ဆန်ဈေးတက်မှပဲ သူတို့ ပို့နိုင်မှာပေါ့။ စပါးတွေကတော့ ဆန်စက်တွေမှာ ရှိသင့်တဲ့ အတိုင်းအ တာ တစ်ခုအထိ ရှိပါတယ်” ဟု ပြောသည်။

ဝါးတန်းကုန်စည်ဒိုင်၏ ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်သည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် လျှင် ၉၃၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးရှယ် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ်၊ ရက် ၉၀ ဆန် တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်မှ ၆၇၀၀၀ ကျပ် ဈေးနှုန်းရှိနေကြောင်း သိရသည်။

ထို့နောက် ဆန်အဝင်နည်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။