CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးဝေမှု အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်းနှင့် လျှပ်စစ်မီး အချိန်မှန် မရရှိခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုရှိနေပြီး ယခင်ကထက် ငွေကုန်ကြေးကျ ပိုမိုများပြားလာနေသည်ဟု လုပ်ငန်းရှင်များ က ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်းများသည်လည်း လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကြောင့် လုပ်ငန်းများ ထိခိုက်မှုရှိနေပြီး မီးစက်များ အသုံးပြု၍ လည်ပတ်နေရခြင်းကြောင့် ယခင်ကထက် ငွေကြေး ပိုမိုကုန်ကျ လာကြောင်း ဝီမွန်အထည်ချုပ် လုပ်ငန်းပိုင်ရှင် မင်းဇော်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“တစ်ခါတလေက ဒီမှာက နေ့ကမှန်တယ်။ ညမမှန်။ ဒီလိုပဲ အခုက အချိန်က လှည့်နေတာ။ တခါတလေ ၆ နာရီ မနက်ပိုင်းလာတယ်။ တခါတလေ ၁၂ နာရီပြတ်တယ်။ တစ်နေ့က ညက တစ်ညလုံး လာပြီးတော့ အခုက ၁၀ နာရီအထိ ပြတ်သွားတယ်။ ညနေ ၆ နာရီမှ ပြန်လာတယ်။ အခုက မီးစက်မောင်းတာ တစ်နေ့ကို ၁ သိန်း ၂ သောင်း ကုန်တယ်။ တစ်လကို သိန်း ၅၀ လောက် ရှိတယ်။ အရင်တုန်းက ကျနော်တို့ မီတာဆောင် တစ်လမှ ၆ သိန်း၊ ၇ သိန်းပေါ့။ အခုက တစ်လကို သိန်း ၅၀ လောက်ဖြစ်နေတယ်။ ဘယ်လိုမှလည်း မကိုက်ဘူး။ အလုပ်လည်း လုပ်ရခက်တာပေါ့။ ဒီကအလုပ်သမားတွေ အလုပ်ရဖို့က အခုက မီးစက်မောင်းနေရတယ်။ နားလို့မရဘူး အလုပ်က။ အဓိက မီးပဲ။ မီးမရှိရင် ဘာမှ လုပ်လို့မရဘူး။ စိတ်ညစ်တယ် မီးမရှိရင်” ဟု ပြောသည်။

ယခုတွင် လျှပ်စစ်မီး ရရှိမှုသည် ယခင်ကထက် လျော့နည်းလာခြင်း၊ အချိန်တိကျမှု မရှိခြင်းတို့ကြောင့် အထည်ချုပ် လုပ်ငန်းများအနေဖြင့် မီးစက်များ အသုံးပြုလာရသည့်အတွက် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုရဲ့ဒဏ်ကိုပါ နောက်ဆက်တွဲ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။
အလုပ်လုပ်ကိုင်သည့်အခါ အဆင်ပြေစေရန်အတွက် လျှပ်စစ်မီးကို အလုပ်ချိန်အတွင်း ရရှိမည်ဆိုပါက အဆင်ပြေ ကြောင်း၊ ယခု မီးစက်ဖြင့် လုပ်ကိုင်နေရခြင်းကြောင့် အချိန်ကြာလာသည့်အခါတွင် အဆင်မပြေနိုင်တော့ကြောင်း မင်းဇော်နိုင်ဦးက ဆက်ပြောသည်။

“နေ့လည်ပိုင်းပေးဆိုလို့ရှိရင် ညမီးမလာလည်း ဘာမဖြစ်ဘူးလေ။ ညလည်း ကျနော်က ၂၄ နာရီမောင်းတယ် စက်ရုံက နေ့ဆိုင်း ညဆိုင်းပေါ့။ နေ့ရော ညရော မောင်းတယ်။ အလုပ်က ၂၄ နာရီပေါ့။ အခုက တကယ်လို့ နေ့ချည်းပဲ ပေးတယ်ဆိုလည်း မဆိုးလောက်ဘူးပေါ့။ ညဆိုရင် နားလိုက်ပေါ့။ မီးစက်မောင်းနေတာ မကိုက်ဘူး။ အကျိုးအမြတ်က ဘာမှ မရှိဘူး။ အဓိက လုပ်ငန်း လည်ပတ်လို့ရအောင် မောင်းတော့ မောင်းနေရတာပေါ့။ ရပ်ထားလို့ မဖြစ်ဘူးလေ လူကများတယ်။ အဆင်မပြေဘူး။ ကျနော်တို့က အဓိက အလုပ်လုပ်တာ မီးက အရေးကြီးဆုံးပေါ့နော်။ ငွေမရှိတာက ရှာလို့ရတယ်။ တကယ်လို့ မီး မရှိရင် ကိုယ်က စိုက်လို့မနိုင်တော့ဘူး။ နေ့တိုင်းစိုက်နေရတာ အဆင်မပြေဘူး” ဟု ပြောသည်။

ဒါ့အပြင် စက်ရုံလုပ်ငန်း အများအပြားရှိသည့် ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိနေခြင်းကြောင့် ထုတ်ကုန်လုပ်ငန်းများ ထုတ်လုပ်မှုနှုန်း ကျဆင်းလာကြောင်း ထုတ်ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းသို့ ထုတ်လုပ်မှုနှုန်းများ ကျဆင်းလာခြင်းကြောင့် ကုန်ပစ္စည်းများကို နိုင်ငံခြားသို့ သယ်ယူပို့ ဆောင်ပေးနေ သည့် ထောက်ပို့လုပ်ငန်းများသည်လည်း အဆင်မပြေကြောင်း Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးရရှိမှုသည် ၄ နာရီခြားဖြစ်သည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် ယခင်ကထက် ပိုမိုအားစိုက်လုပ်ကိုင်နေရကြောင်း ဦးသီဟပိုင်က ပြောသည်။

“ကျနော်တို့က Logistics လုပ်တာဆိုတော့ ကျနော်တို့အတွက်က သိပ်သက်ရောက်မှု မရှိဘူးပေါ့လေ။ ဒါပေမယ့် ကျနော်တို့နဲ့ ဆက်စပ်တဲ့ စက်ရုံတွေအတွက်ကတော့ နည်းနည်းခက်ခဲတာပေါ့။ မီးကမရ Export, Import တွေ ကလည်း သွင်းရခက် ဘာခက်ဆိုတော့ သူတို့မှာ အခက်အခဲတွေက အမျိုးမျိုး ဖြစ်နေရတယ်။ သက်ရောက်မှုတွေ ကတော့ အများအပြားတော့ ဖြစ်တာပေါ့။ ဈေးကွက်ထဲမှာတွေရော ဘာတွေရော ဖြစ်တယ်။ ဒါပေမယ့် အခုက အရင်ကထက်စာရင် နည်းနည်းတော်သွားတယ်။ အခုက ၁ - ၅ - ၉ တွေ ပေါ်လာတော့လေ။ အလှည့်ကျလာဆို တော့ အလုပ်တွေကျတော့ အဲလိုအချိန်မျိုးမှာ အားစိုက်ပြီး လုပ်ရတာပေါ့လေ။ အဲလိုမျိုးတော့ ရှိတယ်” ဟု ပြောသည်။

လူဦးရေ ၇ သန်းနီးပါး နေထိုင်သည့်အပြင်၊ ရေရရှိရေးနှင့် အခြားသောလုပ်ငန်းဆိုင်ရာများ လည်ပတ်ရေးအတွက် လျှပ်စစ်မီးကို အဓိကထား အားကိုးနေရသည့် ရန်ကုန်မြို့အတွက် စီးပွားရေးထိခိုက်မှုများအပြင် ကျန်းမာရေးနှင့် ပညာရေးပိုင်းတွင်လည်း ထိခိုက်နစ်နာမှုများ ဖြစ်လာနေရကြောင်း သိရသည်။