CNI Sport Article 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ရာသီအစကတည်းက ရလဒ်တွေ တည်ငြိမ်မှုမရှိတဲ့ ယူနိုက်တက်အသင်းဟာ ခက်ခဲတဲ့ ရက်သတ္တပတ်တွေကို ဆက်ပြီး ဖြတ်သန်းနေရပါတယ်။

ယူနိုက်တက်အသင်းဟာ နိုဝင်ဘာလက ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်၊ နောက်ခံလူ မက်ဂွဲယားနဲ့ တောင်ပံကစားသမား ဂါနာချိုတို့ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အပျော်တွေကူးစက်မှုဟာ အနည်းငယ်သာကြာခဲ့ပြီး ဒီဇင်ဘာလ အရောက်မှာတော့ အခြေအနေတွေ ဟာ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်း ကစားသမားများကိုတွေ့ရစဉ်

ဘုန်းမောက်၊ ဘိုင်ယန်မြူးနစ်အသင်းတို့ကို အိုးထရက်ဖို့ဒ်မှာ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာက ယူနိုက်တက်နဲ့ နည်းပြ အဲရစ်တန်ဟတ်အတွက် အိပ်မက်ဆိုးလို့ ပြောရမှာပါ။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို စံချိန်တင် ရလဒ်ဆိုးတွေနဲ့ အဆုံးသတ်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လုံးဝအာရုံစိုက်ဖို့ ရှိတော့တာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ တွေ့ရမယ့်ပြိုင်ဘက်က လီဗာပူးလ်အသင်းဖြစ်နေပြီး အန်ဖီးလ်ကွင်းမှာ ကစားရမှာက ယူနိုက်တက် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်း အိမ်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ အပါအဝင် ဂိုးပြတ်ရှုံးပွဲတွေချည်း ကြုံတွေ့ထားရတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် အားလုံးက ယူနိုက်တက်အသင်း အနေနဲ့ ၃ ပွဲဆက် ရှုံးနိမ့်ကြုံတွေ့ပြီး အဲရစ်တန်ဟတ်ရဲ့ မန်ချက်စတာကလပ် နည်းပြဘဝ အဆုံးသတ်တော့မယ်လို့ သုံးသပ်နေကြတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီ ရလဒ်တွေ ဆိုးနေတာက အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဆိုပြီး ဆင်ခြေပေးကောင်းပေးလို့ရပေမယ့် အခုအချိန်ထိ ကစားကွက် ပုံဖော်နိုင်ခြင်း မရှိတာကတော့ အဲရစ်တန်ဟတ်အနေနဲ့ ဆင်ခြေပေးလို့မရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားအပြီးမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ထားတာက အသင်းရဲ့ ရာသီအစ အလွန်ဆိုးရွားတဲ့ မှတ်တမ်းပါ။ 

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်ထိ အဲရစ်တန်ဟတ်ကို ထောက်ခံမှု ပေးထားတယ်လို့ ပြောနေကြပေမယ့် နောက်ထပ် ရှုံးပွဲတွေ ဆက်ရင်တော့ သည်းခံနိုင်စွမ်းက အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတောင် အဲရစ်တန်ဟတ် နေရာအစားထိုးဖို့ နည်းပြသစ်တွေကို ယူနိုက်တက်အသင်း ရှာဖွေနေ ပြီလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။


ဝုလ်ဗ်စ်အသင်း နည်းပြဟောင်း လိုပက်တယ်ဂီနဲ့ ချယ်လ်ဆီးအသင်း နည်းပြဟောင်း ဂရေဟမ်ပေါ်တာတို့ဟာ အဲရစ်တန်ဟတ်နေရာမှာ အစားဝင်မယ့် နည်းပြတွေအဖြစ် ထင်ကြေးတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းနဲ့ပွဲကတော့ ဒတ်ချ်လူမျိုးနည်းပြရဲ့ ယူနိုက်တက်အသင်း နည်းပြရာထူးကို ဆုံးဖြတ်မယ့် ပွဲစဉ်ဖြစ်ဖို့ များနေတာပါ။ တိုက်ဆိုင်တာကတော့ ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံတဲ့ ပွဲအပြီးမှာ မော်ရင်ဟို၊ ဆိုးလ်ရှားတို့ ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်း ကစားသမားများကိုတွေ့ရစဉ်

အဲ့ဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ ယူနိုက်တက်အသင်း နည်းပြဟောင်းတွေရဲ့ လမ်းစဉ်ကို မလိုက်ဖို့ လီဗာပူးလ်အသင်းနဲ့ ပွဲမှာ ရလဒ်ကောင်းရဖို့ လိုအပ်နေတာပါ။ 

ဒါပေမယ့် အကောင်းဆုံးပုံစံနဲ့ အရှိန်ရနေတဲ့ လီဗာပူးလ်အသင်းကို ယူနိုက်တက် အသင်းအနေနဲ့ ကျော်ဖြတ်နိုင်ဖို့ က မလွယ်ကူနိုင်လို့ အဲရစ်တန်ဟတ်အနေနဲ့ ယူနိုက်တက်အသင်း၊ ကစားသမား၊ ပရိသတ်တွေရဲ့ထောက်ခံမှုကို ဆက်ပြီး လိုအပ်နေတာ ဖြစ်ပါတယ်။

သေချာတာကတော့ အဲရစ်တန်ဟတ်အနေနဲ့ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ် အသင်းကို မရောက်လာခင်မှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေကို ကောင်းမွန်အောင် လုပ်ပေးရမှာပါ။

ဒီလိုမှမဟုတ်ရင် ဆာဂျင်ရက်ကလစ်ဖ် အနေနဲ့ အသင်းရဲ့ အောင်မြင်မှုအတွက် အဲရစ်တန်ဟတ်ကို ငဲ့ညာပေးမယ့် သူ မဟုတ်ပါဘူး။ 

အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတွေ ရအောင်ယူပေးမယ်လို့ ကတိပြုထားတာ ကြောင့် အသင်းမှာ ဆက်ပြီးရှိနေနိုင်မလား ဒါမှမဟုတ် မကြာခင်မှာ ထုတ်ပယ်ခံရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။