CNI Sport Article

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စတွန်ဗီလာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးတာ ၄ ပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်း နိုင်ပွဲပျောက်ဆုံးတဲ့ ၄ ပွဲမှာ တွေ့ခဲ့ရတဲ့ အသင်းတွေကတော့ ချယ်လ်ဆီး၊ လီဗာပူးလ်၊ စပါးနဲ့ အက်စတွန်ဗီလာအသင်းစတဲ့ ထိပ်တန်းအသင်းတွေပါ။

တချို့အသင်းတွေအတွက် ဒီလိုအသင်းတွေနဲ့ တွေ့ဆုံချိန်မှာ နိုင်ပွဲပျောက်ဆုံးတာ ဘယ်သူမှ သတိပြုမိမှာ မဟုတ်ပေမယ့် မန်စီးတီးလို လက်ရှိချန်ပီယံ အသင်းအတွက်တော့ စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

ဟာလန်းနဲ့ အသင်းဖော်တွေကိုတွေ့ရစဉ်

ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်း အတွက်တော့ ဒီ ၄ ပွဲမှာ အမြင့်ဆုံး ရနိုင်တဲ့အမှတ် ၁၂ မှတ်ထဲက ၃ မှတ်သာ ရယူနိုင်ခဲ့တာဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်ပြီးထိန်းသိမ်းနိုင်မယ့် မျှော်လင့် ချက်ကို အနည်းငယ် ထိခိုက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ တစ်ဝက်မကျိုးသေးပေမယ့် ဒီရာသီမှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်တဲ့ အသင်း အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးတိုးလာနိုင်တာကြောင့် ဒါဟာ မန်စီးတီးအသင်းအတွက် အချက်ပေးသံ ဖြစ်နိုင်ပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီမှာ အမှားအယွင်းနည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်နေသလို စပါး၊ ဗီလာ၊ ယူနိုက်တက်နဲ့ နယူးကာဆယ် အသင်းတို့ကလည်း အနောက်ကနေ ဖိအားပေးနေတာပါ။ 

အဲ့ဒါကြောင့် မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ချင်တယ်ဆိုရင် လက်ကျန်ပွဲစဉ် တွေမှာ လုံးဝအမှားအယွင်းခံလို့ မရတော့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်ပြီး ရယူသွားမယ်လို့ ပြောခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းကို အရေးနိမ့်အပြီးမှာ သူတို့ရုန်းကန်နေရပြီလို့ ဝန်ခံခဲ့တာပါ။

ဒီဘရိုင်းကိုတွေ့ရစဉ်

မန်စီးတီးအသင်း ဒီလိုမျိုးရုန်းကန်နေရတဲ့ အကြောင်းအရင်းတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါကတော့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကို ဒဏ်ရာကြောင့် ရာသီအစကတည်းက အနားပေးထားရတာပါ။ 

ဒီဘရိုင်းဟာ မန်စီးတီးရဲ့အသက်လို့ ပြောလို့ရတာဖြစ်ပြီး သူပါဝင်တယ်ဆိုရင် ကစားသမားတွေ အားလုံးဟာ လွတ်လွတ်လပ်လပ်နဲ့ ကစားလို့ရပြီး တိုက်စစ်လမ်းကြောင်းတွေဟာ ပိုပြီးပွင့်သွားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်တာနဲ့ ဟာလန်း ဂိုး အများအပြား သွင်းယူနိုင်တာက ဒီဘရိုင်းကြောင့်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ 

ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်း တစ်သင်းလုံးက အခုဆိုရင် ဒီဘရိုင်းကို လွမ်းနေလောက်ကြပြီ ဖြစ်ပါတယ်။ 

မန်စီးတီးအနေနဲ့ ဒီဘရိုင်းအပြင် ကွင်းလယ်လူ ရိုဒရီ မပါဝင်နိုင်တဲ့ ပွဲတွေအတွက် အဖြေရှာဖို့လည်း လိုအပ်နေပြီ လို့ ထင်ပါတယ်။

ရိုဒရီဟာ မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမားဖြစ်ပေမယ့် နောက်တန်း နေရာမှာလည်း ကစားပြီး လိုအပ်ရင် ဂိုးပါသွင်းတဲ့သူဖြစ်တာကို ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မြင်တွေ့ခဲ့ရတာပါ။ 

မန်စီးတီးအသင်းဟာ ဒီရာသီ ရိုဒရီမပါဝင်တဲ့ ပြည်တွင်းပွဲစဉ် ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့တာတော့ စပိန်ကစားသမားရဲ့ အရေးပါမှုကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ခံစစ်ပိုင်းမှာလည်း မနှစ်ကနဲ့ မတူဘဲ လိုအပ်ချက်တွေ အများကြီး ရှိနေတာကြောင့် သွင်းဂိုးတွေ အများကြီးကို ခွင့်ပြုပေးနေရတာပါ။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ လိုအပ်ချက်အချို့ရှိနေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ရေပန်း စားနေတဲ့ စာရင်းကို ဆက်ပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားနဲ့မန်စီးတီးအသင်းကို တွေ့ရစဉ်

အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ နည်းစနစ်ပိုင်းမှာ ဆရာတစ်ဆူအဖြစ် သတ်မှတ်ထားတဲ့ ဂွာဒီယိုလာ လက်အောက်မှာ ရလဒ်ကောင်းတွေနဲ့အတူ ပြန်လာနိုင်မယ်ဆိုတာတော့ သေချာနေတာပါ။

ဂွာဒီယိုလာက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် သမိုင်းမှာ ဆုဖလားကို ၃ နှစ်ဆက်တိုက် ရယူနိုင်တဲ့ အသင်းတွေအဖြစ် ယူနိုက်တက်ရဲ့စံချိန်ကို မန်စီးတီးအသင်းက အမှီလိုက်နိုင်ခဲ့တာပါ။

ဂွာဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကို ရလဒ်ကောင်းတွေ ပြန်ရယူပေးပြီး ပရီးမီးယားလိဂ်မှာ စံချိန်တင်အောင် လုပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။