CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈

ဒီရက်သတ္တပတ် အားကစားသတင်းတွေမှာ ဘတ်ပီရဲ့ သတင်းတွေက နေရာယူထားတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ကမ္ဘာကျော် ဘောလုံးသမား မက်ဆီကို လက်လွှတ်ခဲ့ရတဲ့ ပီအက်စ်ဂျီအတွက်တော့ သူတို့ရဲ့ အဓိက မျှော်လင့်ချက် ဖြစ်တဲ့ ဘတ်ပီကိုပါ ထပ်ပြီး လက်လွှတ်ရမယ့် အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အသင်းမှာ လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ပေးထားပေမယ့် ကစားသမားကတော့ ပြင်သစ်ကလပ်ကို ခြေစုံ ကန်ဖို့ ပြင်ဆင်လာခဲ့ပြီ ဖြစ်ပါတယ်။

တကယ်တော့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်အတိုင်း လုပ်ဆောင်သွား ခဲ့တာဖြစ်ပြီး သူ့ဘက်က ဘာမှ တရားလွန်လုပ်ခဲ့တာမျိုး မရှိပါဘူး။ 

 ဘတ်ပီနဲ့ ပြင်သစ် သမ္မတ မက်ခရွန်ကိုတွေ့ရစဉ်

ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ဆို ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဘက်က တစ်နှစ် သက်တမ်းတိုးခွင့်အတွက် ရွေးချယ်ခွင့်ရှိနေတဲ့ အချက် ပါဝင်နေပါတယ်။ 

ပီအက်စ်ဂျီ ဘက်ကလည်း သူတို့ကို ဒီစာချုပ်ပါ အချက်အတိုင်း အသက်သွင်းဖို့ ဘယ်နေ့ နောက်ဆုံးထားပြီး အကြောင်းကြားရမယ်ဆိုတာမျိုး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘတ်ပီဟာအသင်းမှာ ၂၀၂၅ အထိ ဆက်ရှိမယ့် စာချုပ်ကို သက်တမ်း မတိုးတော့ဘူးလို့ ပီအက်စ်ဂျီ အသင်းထံ စာပို့ခဲ့တာပါ။ တကယ်တော့ ဘတ်ပီဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဒီစာကို ပို့ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ် က ထပ်ပြီး အတည်ပြုဖို့ ပေးခဲ့တာလို့ ကစားသမားဘက်က အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပီအက်စ်ဂျီဘက်က လုပ်ဖို့ တစ်နည်းသာ ရှိတော့ပြီး ရာသီကုန်ချိန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေး မလား ဒါမှမဟုတ် အခုနွေရာသီမှာ ရောင်းမလား နည်းလမ်း ၂ သွယ်ထဲက တစ်ခုကို ရွေးရတော့မှာပါ။

ပီအက်စ်ဂျီကတော့ ဘတ်ပီလို နိုင်ငံရဲ့ ပုံရိပ်မြင့် ကစားသမားကို သေချာပေါက် ဆက်ထိန်းသိမ်းချင်မှာပါ။ အခုလို တွေ ဖြစ်လာမယ်လို့လည်း မျှော်လင့်ခြင်း မရှိခဲ့ပါဘူး။ 

ဘတ်ပီကတော့ သူဟာ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာဖို့ကိုပဲ ဦးတည်ထားပြီး စာချုပ်သက်တမ်း မတိုးဘူး၊ လာမယ့်ရာသီ အသင်းမှာဆက်ရှိပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားသွားမယ်လို့ ထပ်ပြီး ပြောလာခဲ့ ပြန်ပါတယ်။

ရီးရယ်လ်ကို ပြောင်းချင်နေတဲ့ ဘတ်ပီ

ပီအက်စ်ဂျီကတော့ ဘတ်ပီရဲ့ အကွက်ထဲကို ရောက်သွားခဲ့ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ကြိုသိနေသလားတောင် ထင်ရတဲ့ ရီးရယ်လ်အသင်းကလည်း ဘတ်ပီကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး ဒီရာသီမှာ မရရင်တောင် လာမယ့်ရာသီမှာ အလွတ်နဲ့ လက်မှတ်ထိုးဖို့ ထိုင်စောင့်နေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ရီးရယ်လ်ဟာ အပြောင်းအရွှေ့ကို အလောတကြီး မလုပ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သွားနေပါတယ်။

ရီးရယ်လ်အသင်းရဲ့ အကြီးအကဲ ပီရတ်ဇ်က ဒီသတင်းတွေ မထွက်ခင်ကတည်းက ဘတ်ပီကို ဒီရာသီ မခေါ်ဘူး၊ လာမယ့်ရာသီမှ ခေါ်မယ်လို့ ပြောခဲ့ပုံကြည့်ရင် ပြင်သစ် ကစားသမားလုပ်မယ့် အရာတွေကို ကြိုပြီး သိရှိနေတယ် လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

ရီးရယ်လ်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ကစားသမား အများအပြားရဲ့ အိပ်မက်ဖြစ်ပြီး ဘတ်ပီလည်း ဒီထဲမှာ ပါဝင်တာပါ။ 

ဘတ်ပီဟာ ၂၀၂၁ က ရီးရယ်လ်အသင်းထံ ရောက်ဖို့ နီးစပ်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ပြောင်းချင်တယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်လက်ရွေးစင် အသင်းမှာ အားကိုးနေရတဲ့ ဘတ်ပီ

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို စာချုပ်သစ် ချုပ်နိုင်ဖို့ ပြင်သစ်သမ္မတ မက်ခရွန်ကိုပါ အကူအညီ တောင်းရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ 

အဲဒါကြောင့်လည်း ဘတ်ပီဟာ ရီးရယ်လ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာလည်း ပြင်သစ်သမ္မတက ဘတ်ပီကို ပီအက်စ်ဂျီမှာ ဆက်နေနိုင်အောင် သူကြိုးစားပြီး တွန်းအားပေး သွားမယ်လို့ ပြောခဲ့တာပါ။ 

ဒီတစ်ကြိမ်မှာတော့ ဘတ်ပီက သူရဲ့ ကစားသမားဘဝကို ပြင်သစ်သမ္မတက လွှမ်းမိုးမှု မရှိဘူးလို့ ပြောလိုက်ပြီး သူကလည်း အခုရာသီ ပီအက်စ်ဂျီမှာ ဆက်ရှိမှာလို့ ပြောခဲ့ပါတယ်။ ဘတ်ပီကတော့ ဘာပဲဖြစ်ဖြစ် သူဟာ လာမယ့် ရာသီအကုန်ထိ ပီအက်စ်ဂျီမှာ ဆက်ရှိမယ့် အကြောင်းကိုပဲ ထပ်တလဲလဲ ပြောနေခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အတွက်တော့ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ မစတင်ခင်မှာ ဘတ်ပီရဲ့ အခြေအနေကို ကိုင်တွယ် သွားဖို့ လိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမယ့်သူ တစ်ဦးကို ငွေတစ်ပြား တစ်ချပ်မှမရဘဲ အခြားတစ်သင်းဆီကို အလကား ပေးရတော့မှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဘတ်ပီကို အသင်းမှာပဲ ရာသီအကုန်ထိ ဆက်ထားမလား ဒါမှမဟုတ် သူသွားချင်နေတဲ့ ရီးရယ်လ် အသင်းဆီကို ရောင်းထုတ် သွားမလားဆိုတာကတော့ မကြာခင်လတွေမှာ မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။