CNI International Article 

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ 

မေလ ၃ ရက်နေ့မှ စတင်သော ကသည်းနှင့် ကူကီးလူမျိုးများအကြား ပဋိပက္ခများကြောင့် မဏိပူရ် ပြည်နယ်တွင် လူ ၁၀၀ ကျော် သေဆုံးကာ ၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ 

ထို့ကြောင့် မဏိပူရ်ပြည်နယ်တွင် စစ်သားများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀,၀၀၀ နီးပါး တပ်ဖြန့်ထားရ သည်။ 

လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်က စစ်ဆေးရှာဖွေမှုများကို လုပ်ဆောင်နေသည့်တိုင် ပစ်ခတ်မှုများ၊ အိမ်မီးရှို့မှုများ မှာ မကြာခဏဆိုသလို ဆက်လက် ဖြစ်ပွားနေခြင်း၊ ငြိမ်းချမ်းရေးအတွက် ခက်ခဲနေခြင်းတို့ကြောင့် ပြည်ထဲရေး ဌာနက မေလ ၁၀ ရက်တွင် အဖွဲ့ဝင် ၅၁ ဦးပါ ငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ 

ငြိမ်းချမ်းရေးကော်မတီကို ပြည်နယ်အုပ်ချုပ်ရေးမှူး အနူဆိုင်ယာ အူကီက ဦးဆောင်သည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို တတ်နိုင်သမျှ အစောဆုံး လုပ်ဆောင်နိုင်ရေး၊ ထွက်ပြေးနေရသူများကို နေရပ်ပြန်ပို့ နိုင်ရေးအတွက် ပဋိပက္ခတွင် ပါဝင်နေသူများနှင့် တွေ့ဆုံရန် ကော်မတီက ဆုံးဖြတ်လိုက်ချိန်၌ ကသည်းနှင့်ကူကီး လူမျိုးများအပါ် လွှမ်းမိုးမှုရှိသော အဖွဲ့အစည်းများက ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြသည်။ 

ယင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုခက်ခဲလာစေဖွယ်ရှိသည်။ 

လူမျိုးရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာလာကြသူများကိုတွေ့ရစဉ်

ပဋိပက္ခတွင် ပါဝင်နေသော ကသည်းနှင့်ကူကီး နှစ်ဖက်စလုံးက ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများအတွက် အပြန်အလှန် အပြစ်တင် နေရုံမက ငြိမ်းချမ်းရေးဆီသို့ မသွားခင် သတ်ဖြတ်မှုများတွင် ပါဝင်နေသူများကို ဦးစွာ အရေးယူပေးရန် တောင်းဆိုထားသည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့် နောက်ထပ် အချက် တစ်ခုမှာ နှစ်ဖက်စလုံးရှိ လူငယ်များက ၎င်းတို့ ရရှိထားသော လက်နက်များအား အစိုးရထံသို့ မအပ်လိုခြင်း ဖြစ်သည်ဟု နှစ်ဖက်အဖွဲ့အစည်းများက ပြောသည်။

နောက်ထပ် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ကသည်း-ကူကီး လူမျိုးစု ပဋိပက္ခများအတွင်း AK အုပ်စုဝင် ရိုင်ဖယ်များ အပါအဝင် လက်နက် ၄၀၀၀ နီးပါး လုယူခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရှာဖွေဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည့်တိုင် ၃၀၀၀ ခန့်မှာ ခြေရာပျောက် နေဆဲ ဖြစ်သည်။ 

ပြည်နယ်တွင်း လူများစုဖြစ်သော ကသည်းလူမျိုးများအား အထူးအခွင့်အရေး အခြေအနေပေးရန် လုပ်ဆောင် ချက်နှင့် ပတ်သက်၍ ကူကီးများ၏ ဆန္ဒပြမှုမှ ပဋိပက္ခများ စတင်ခဲ့ခြင်း ဖြစ်သော်လည်း ကူကီးအဖွဲ့အစည်းများ သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် မဏိပူရ်ပြည်နယ်တွင်းရှိ Kuki-Zo-Hmar လူမျိုးစုများအား သီးခြား အုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုထားသည်။

ကူကီးလူမျိုးများသည် ကသည်းလူမျိုးများ ဦးဆောင်သည့် ပြည်နယ်အစိုးရ အောက်တွင် ရှိနေသရွေ့ ငြိမ်းချမ်းရေး အပေါ် လွှမ်းမိုးမှု ရှိမည်မဟုတ်ဟုလည်း ၎င်းတို့က ပြောသည်။ 

နေအိမ်များ မီးရှို့ခံရစဉ်

ငြိမ်းချမ်းရေးကော်မတီတွင် ကသည်းလူမျိုး တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် အန်ဘီရန်ဆင်း အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်နေခြင်းကိုလည်း ၎င်းတို့က ကန့်ကွက်သည်။ 

အကြမ်းဖက်မှုများ၏ အဓိက တရားခံဖြစ်သော အန်ဘီရန်ဆင်းအား ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် တစ်ဦးအဖြစ် ထည့်သွင်းထားခြင်းက Zomi-Kuki-Hmar နှင့် Mizo အသိုင်းအဝိုင်းကို စော်ကားမှုပင် ဖြစ်ကြောင်း ကူကီး အရပ် ဘက် အဖွဲ့အစည်းများ ဖိုရမ်တစ်ခု ဖြစ်သည့် သီးခြားအုပ်ချုပ်ရေး လှုပ်ရှားမှု၏ ပင်မကော်မတီမှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။ 

မဏိပူရ်ပြည်နယ် ရဲကွန်မန်ဒိုများသည် Arambai Tenggol နှင့် Meitei Leepun ကဲ့သို့ ကသည်း လက်နက်ကိုင် အဖွဲ့အစည်းများ၏ သတ်ဖြတ်မှုများတွင် ပါဝင် ကူညီနေသည်ဟုလည်း ကူကီများက စွပ်စွဲထားသည်။

သို့သော် ထိုစွပ်စွဲချက်ကို အစိုးရဘက်က ငြင်းသည်။ 

သြဇာလွှမ်းမိုးမှုရှိသော ကသည်းအဖွဲ့အစည်း တစ်ခုဖြစ်သည့်  မဏိပူရ် တည်တံ့ခိုင်မြဲရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ (COCOMI) ကလည်း ငြိမ်းချမ်းရေးကော်မတီအား ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့သည်။ 

ကူကီး လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၂၅ ဖွဲ့နှင့် ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရတို့အကြား သုံးပွင့်ဆိုင်ချုပ်ဆိုထား သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (SoO) အား မပယ်ဖျက်သရွေ့ ငြိမ်းချမ်းရေး မရနိုင်ဟုပြောကာ ငြိမ်းချမ်းရေးကော်မတီအား သပိတ်မှောက်ခြင်း ဖြစ်သည်။ 

ထို့အပြင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသော အကြမ်းဖက်မှုများကို နှိမ်နင်းရန်၊ အိမ်နီးချင်း မြန်မာမှ ကူကီးလူမျိုး များ တရားမဝင် ရွှေ့ပြောင်း အခြေချ နေထိုင်ခြင်းကို တားဆီးရန်လည်း COCOMI က တောင်းဆိုထားသည်။ 

ကော်မတီ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျီတန်ဒရာ နင်ဂွမ်ဘာအား ငြိမ်းချမ်းရေးကော်မတီ၏ အဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခြင်းကိုလည်း COCOMI က ကန့်ကွက်ခဲ့သည်။ 

မေ့ပစ်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ဖြင့် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးပေးရန် အားလုံးကို တောင်းဆိုကြောင်း ဝန်ကြီးချုပ် ဘီရန်ဆင်းက အင်ဖာလ်မြို့၌ သတင်းသမားများနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။ 

အကြမ်းဖက်မှုခံရသူမှုကိုတွေ့ရစဉ်

အတိတ်တွင် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငြိမ်းချမ်းရေးကို အခွင့်အရေး တစ်ကြိမ်ပေးကာ ပုံမှန် အခြေအနေသို့ ပြန်သွားရေး အတွက် လက်ချင်းတွဲ ထားရမည်ဟုလည်း ၎င်းက ပြောသည်။ 

သို့သော် ဝန်ကြီးချုပ်က Kuki-Hmar-Zo အသိုင်းအဝိုင်းအတွက် သီးသန့်အုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုမှုကိုတော့ ပယ်ချခဲ့သည်။ မဏိပူရ်ပြည်နယ်၏ နယ်မြေပိုင်ဆိုင်မှုကို လုံးဝ အထိအခိုက်မခံဟု ဗဟိုအစိုးရထံမှ အာမခံချက် ရရှိထားကြောင်းပြောကာ ထိုသို့ ငြင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။ 

အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားကလည်း ရှုပ်ထွေးနေသော အကြောင်းအရာများကို ဆွေးနွေးရေး အနည်း ဆုံး ၁၅ ရက်ခန့် အချိန်ယူခြင်းဖြင့် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးတစ်ခုပေးရန် မေတ္တာရပ်ခံခဲ့သည်။ 

၎င်းသည် မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်အထိ မဏိပူရ်သို့ သွားရောက် လည်ပတ်ခဲ့သူလည်း ဖြစ်သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှား ရောက်ရှိနေချိန်၌ပင် ပစ်ခတ်မှုများ၊ အိမ်မီးရှို့မှုများ ဖြစ်ပွားခဲ့သည်။ 

Source: DH News