CNI Sport Article

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကြာ ကမ္ဘာ့ဘောလုံးလောက ဇတ်ခုံကို ကြီးစိုးခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ဥရောပဘောလုံးလောကကို စွန့်ခွာသွားခဲ့ကြပြီ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ၂၀၂၃ အစပိုင်းကတည်းက ဥရောပဘောလုံးကို စွန့်ခွာခဲ့တာဖြစ်ပြီး မက်ဆီက အခုနွေရာသီ အပြောင်းအရွှေ့မှာမှ စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ဥရောပဘောလုံးလောကမှာ ဆုဖလားအောင်မြင်မှုတွေ အများကြီး ရယူထားခဲ့ကြတဲ့ ၂ ဦးစလုံးကတော့ စိန်ခေါ်မှု အသစ်တွေကို ရယူဖို့ ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဥရောပမှာရှိတဲ့ အချိန်ကတည်းက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာဟာ အခု ထွက်ခွာသွားပြီး ချိန်မှာ လည်း ဒီပြိုင်ဆိုင်မှုဟာ အများကြီး လျော့ကျသွားဖို့ မရှိပါဘူး။ 

ဘန်ဇီမာကိုတွေ့ရစဉ်

အခုဆိုရင် ရော်နယ်ဒိုက ဆော်ဒီမှာရှိနေပြီး မက်ဆီက အမေရိကန်ကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကို ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ၂ နှစ်စာချုပ်အတွက် ဘီလျံနဲ့ ချီပြီးပေးခဲ့ပေမယ့် ကစားသမားဟာ အင်တာမိုင်ယာမီကို ရွေးချယ်ခဲ့ပါတယ်။

မက်ဆီသာ ဆော်ဒီလိဂ်ကို ရွေးခဲ့မယ်ဆိုရင် ရော်နယ်ဒိုနဲ့ တူညီတဲ့လိဂ်မှာ ပြိုင်ဆိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပေမယ့် အခုဆိုရင် မတူညီတဲ့ လိဂ်တွေမှာလည်း ပြိုင်ဆိုင်မှုတွေဟာ ထပ်ပြီး ရောက်ရှိလာခဲ့ပါတယ်။

ဆော်ဒီဟာ ရော်နယ်ဒိုကို စံချိန်တင် လုပ်ခလစာပေးပြီး ခေါ်ယူခဲ့ပြီးတော့ သူတို့ရဲ့လိဂ်ကို လူစိတ်ဝင်စားအောင် လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ နောက်ထပ် နာမည်ကျော် ကစားသမားတွေ သူတို့လိဂ်ကို လာရောက်ပြီး ကစားနိုင်ဖို့ ဆွဲဆောင်ခဲ့ပါတယ်။

မကြာသေးခင်က ရော်နယ်ဒိုရဲ့ ရီးရယ်လ်အသင်းဖော်ဟောင်း ဘန်ဇီမာဟာ ဆော်ဒီလိဂ် အယ်လ်အီးတီဟတ်ကို ပြောင်းရွှေ့ပြီးနောက် နာမည်ကျော် ကစားသမားတွေ ထပ်ပြီးလာဖို့ ရှိနေတာပါ။

ဒါပေမယ့် နာမည်ကျော် ကစားသမားတွေကို ရွေးရခက်စေမယ့် အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ မက်ဆီ က ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းကို ရွေးချယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

မက်ဆီကိုတွေ့ရစဉ်

မေဂျာလိဂ်ဟာ အရင်ကလည်း ဒေးဗစ်ဘက်ခမ်း၊ စတီဗင်ဂျရတ်၊ လမ်းပတ်၊ အွန်နရီ၊ အီဘရာဟီမိုဗစ်၊ ရွန်နီတို့ လာရောက်ကစားပြီး နာမည်ကျော် ကစားသမားအချို့လည်း လာရောက် ကစားခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီ လာရောက်တာကတော့ သူတို့နဲ့ အနည်းငယ် ကွဲပြားတဲ့ ပုံစံရှိနိုင်ပြီး ဆော်ဒီသတင်းတွေ ဖုံးလွှမ်း နေတဲ့ အချိန်မှာ မက်ဆီရဲ့ သက်ရောက်မှုနဲ့ မေဂျာလိဂ်၊ အင်တာမိုင်ယာမီတို့ရဲ့ သတင်းတွေက ပြန်ပြီး လွှမ်းမိုး သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဆော်ဒီကို သွားချင်တဲ့ ကစားသမားတွေဟာ မက်ဆီကြောင့် အင်တာမိုင်ယာမီကို သွားဖို့ တွေးစရာတွေ ရှိလာခဲ့ တာပါ။ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမားအချို့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး ဒီမာရီယာ၊ ဘတ်စ်ကွတ်စ်နဲ့ ဆွာရက်ဇ်တို့ဟာ ဒီထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါတွေက အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘယ်လောက်ထိ ပြိုင်ဆိုင်မှု ပြင်းထန်မလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။

မက်ဆီကို နှစ်သက်တဲ့ ကစားသမားတွေဟာ မက်ဆီရှိတဲ့ မေဂျာလိဂ်ကို သွားရောက်နိုင်ပြီး ရော်နယ်ဒိုကို နှစ်သက် တဲ့ ကစားသမားတွေကတော့ ဆော်ဒီကို ခြေဦးလှည့်ရမှာ ဖြစ်ပါတယ်။ 

ဒါကအခုမှ အစပိုင်းပဲ ရှိသေးပြီး နောက်ပိုင်းမှာဆိုရင် သိသာထင်ရှားတဲ့ အပြောင်းအရွှေ့တွေကို ဆက်ပြီးမြင်တွေ့ ရဖို့ ရှိနေတာပါ။ ဒါတွေက သူတို့နှစ်ဦးကြား တိုက်ရိုက်ပြိုင်ဆိုင်မှု မဟုတ်ဘဲ သူတို့ကို နှစ်သက်တဲ့ ကစားသမား တွေအကြား ပြိုင်ဆိုင်မှုလည်း ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ဒါတွေက အပြောင်းအရွှေ့ အကြောင်းအရာဖြစ်ပြီး ဥရောပပြင်ပမှာ ကစားတဲ့ သူတို့နှစ်ဦးရဲ့ အောင်မြင်မှုတွေကို လည်း နှိုင်းယှဉ်ကြမှာလည်း ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဆော်ဒီနဲ့ အမေရိကန် ဘယ်ဟာက ပိုပြီးအောင်မြင်လဲ ဆိုတာကိုလည်း ပရိသတ်တွေက အကဲဖြတ်မှုတွေ ပြုလုပ်ကြဖို့ ရှိနေပါတယ်။ 

ရော်နယ်ဒိုနဲ့ မက်ဆီတို့ကတော့ ကစားသမားဘဝ စတင်ချိန်ကနေ အဆုံးသတ်ချိန်အထိ သူတို့ရဲ့ အောင်မြင်မှု အတိုင်းအတာတွေ၊ သူတို့သွားကစားတဲ့ လိဂ်တွေရဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေကို ခံနေရမှာ ဖြစ်ပါတယ်။

ကစားသမားဘဝက အနားယူပြီးလို့ နည်းပြ၊ အသင်းပိုင်ရှင် လုပ်ခဲ့ရင်လည်း ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ပြိုင်ဆိုင် မှုတွေဟာ ကစားသမားဘဝကထက် ပိုပြီး ပြင်းထန်မလား ဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။