CNI International News

ခါတွမ်၊ ဧပြီ ၂၁

ရန်ဘက် RSF လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေး သွားမည်မဟုတ်ဘဲ ၎င်းတို့ လက်နက်ချမှသာလျှင် လက်ခံ သွားမည်ဖြစ်ကြောင်း ဆူဒန်စစ်တပ်က ကြာသပတေးနေ့တွင် ပြောခဲ့သည်ဟု အေပီမှ ရေးသားဖော်ပြခဲ့သည်။

ခိုင်မာမှုမရှိသော ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် ကြာသပတေးနေ့ ညနေပိုင်းတွင် ပြီးဆုံးတော့မည် ဖြစ်ကာ ယင်းကို သက်တမ်းတိုးမည့် အခြေအနေလည်း မရှိပေ။

ဆူဒန်စစ်တပ်၏ ပြောဆိုမှုသည် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံမြင့်တက်လာဦးမည့် အရိပ်အယောင်မျိုး လည်းဖြစ်သည်။

တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော ဆူဒန်ပဋိပက္ခကြောင့် လူပေါင်းများစွာ သေဆုံးခဲ့သလို လူပေါင်း မြောက်များ စွာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီ ဖြစ်သည်။

ထို့အပြင် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည်လည်း ပြိုလဲတော့မည့် အခြေအနေသို့ ရောက်ရှိနေကာ ဆေးရုံအများစုသည် ပိတ်ရတော့မည်ဖြစ်သည်။

ဆူဒန်စစ်တပ် ခေါင်းဆောင်နဲ့ RSF တပ်ဖွဲ့ခေါင်းဆောင်ကိုတွေ့ရစဉ်

ထို့နောက် ကျန်ဆေးရုံများသည်လည်း လိုအပ်သောပစ္စည်း ကိရိယာများ ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

သက်တမ်း ကုန်ဆုံးသွားသည့် အပစ်အခတ်ရပ်စဲရေးသည်ပင် ၂၄ နာရီအတွင်း လုံးဝ အပစ်အခတ်ရပ်စဲမှု ဖြစ်စေခဲ့ ခြင်းမရှိဘဲ မြို့တော်ခါတွမ်(Khartoum) ၏ အစိတ်အပိုင်း တစ်ချို့တွင်သာ တည်ငြိမ်မှု ရှိစေခဲ့သည်။

သို့သော် အပစ်အခတ်ရပ်စဲရေးကြောင့် ဆူဒန်ပြည်သူပေါင်းများစွာသည် ရက် အတန်ကြာ ပိတ်မိနေသော ၎င်းတို့ အိမ်များမှ ထွက်ပြေးနိုင်ခဲ့သည်။

အမျိုးသမီးများနှင့် ကလေးအများစု ပါဝင်သော လူပေါင်းများစွာသည် ဘေးကင်းလုံခြုံရာ နေရာကို ရှာဖွေနေကြ သည်ဟု ဆူဒန်ဆရာဝန် အဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။

ကြာသပတေးနေ့ မွန်းလွဲပိုင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ရန်ဘက် RSF အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင် သွားမည် မဟုတ်ဟု ဆူဒန်စစ်တပ်ကပြောပြီးနောက် ၎င်းတို့ လက်နက်ချမှသာလျှင် ဆွေးနွေးမည်ဟု ပြောသည်။
ဆူဒန်စစ်တပ်မှလွဲ၍ မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှ မရှိသင့်ဟုလည်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဆူဒန် ပြည်တွင်းစစ်အတွင်း ပစ်ခတ်ခံထားရသော ကားများကိုတွေ့ရစဉ်

အပစ်အခတ်ရပ်စဲရေး အဆင်မပြေခြင်းသည် ဆူဒန်ထိပ်တန်း ဗိုလ်ချုပ်ကြီးများ၏ တိုင်းပြည်အား ထိန်းချုပ်ရန် ကြိုးစားမှုကို ရပ်တန့်ရန် အမေရိကန်၊ ကုလ၊ အီးယူနှင့် တခြားသော ဒေသတွင်း အင်အားစုများ၏ ကျဆုံးမှုလည်း ဖြစ်သည်။

အကြမ်းဖက်မှုများ ထပ်မံမြင့်တက် လာနိုင်ချေရှိမှုကြောင့် အမေရိကန်နှင့် တခြားသော နိုင်ငံများသည် ဆူဒန်နိုင်ငံ တွင်းရှိ ၎င်းတို့၏ နိုင်ငံသားများကို ကယ်ထုတ်ရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

သို့သော် အရေးပါသော လေဆိပ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ မြို့တော်မှတစ်ဆင့် ပိုမို လုံခြုံသော နေရာ များသို့ ရွှေ့ပြောင်းရေးသည် အန္တရာယ်များ နေခြင်းတို့ကြောင့် ယင်းသည် လွယ်ကူသည့် အရာတော့ မဟုတ်ပေ။

စနေနေ့မှ စတင်ခဲ့သော ဆူဒန်အကြမ်းဖက် ပဋိပက္ခများကြောင့် အနည်းဆုံး လူ ၃၃၀ သေဆုံးကာ ၃၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

လမ်းမများပေါ်တွင် ပြန့်ကျဲနေသည့် အလောင်းများကို ကောက်ယူနိုင်ခြင်း မရှိသေးသောကြောင့် သေဆုံးသူ အရေအတွက်မှာ ယခုထက်ပို၍ များပြားနိုင်သည်ဟုလည်း သိရသည်။

Source: AP