CNI International Article

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေရာကို ဝင်ရောက်မည့် နျူကလီးယား ဗီလိန်အသစ်တစ်ဦး ၂၀၂၃ တွင် ပေါ် ပေါက်လာဖွယ် ရှိနေသည်။

ထိုလူက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ပင်ဖြစ်သည်။ ကင်သည် တောင်ကိုရီးယား၊ ဂျပန်တို့ကဲ့သို့ အိမ်နီးချင်း နိုင်ငံများအပြင် အမေရိကန်ကိုပင် ပစ်ခတ်ရန်အတွက် နျူကလီးယား လက်နက်များကို သဲသဲမဲမဲ တည်ဆောက် လျက်ရှိသည်။

ထို့အပြင် ၎င်းသည် တောင်ကိုရီးယား နိုင်ငံကိုလည်း ပြင်းပြင်းထန်ထန် ရန်စမှုများ စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိသည်။

ဒီဇင်ဘာ ၂၆ ရက်တွင် မြောက်ကိုရီးယားဘက်မှ ဒရုန်းခြောက်စင်း တောင်ကိုရီးယား လေပိုင်နက်တွင်းသို့ ငါးနာရီ ကြာ ဝင်ရောက်လာခဲ့သည်ဟု Korea Times သတင်းတွင် ဖော်ပြခဲ့သည်။ ဤဒရုန်းများကို တောင်ကိုရီးယားဘက် မှ လေယာဉ်၊ ရဟတ်ယာဉ်ပေါင်း ၂၀ ဖြင့် လိုက်ပစ်ခဲ့ရသည်။

ဒုံးကျည်ပစ်လွှတ်နေသည်ကိုတွေ့ရစဉ်

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ အစဉ်အလာ ရန်စဘက် နိုင်ငံတစ်ခု ဖြစ်သော်ငြား ဒေါ်လာသန်း ၄၄၀ တန် လေကြောင်းကာကွယ်ရေး မြှင့်တင်ခြင်း အစီအစဉ်အပြင် မြောက်ကိုရီးယားဘက်မှ ဒရုန်းများ ဝင်ရောက် လာခြင်းက တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ အစိုးရအတွက် အရှက်ရစရာကိစ္စ တစ်ခုပင် ဖြစ်သည်။

ထိုကိစ္စရပ်များသည် ဖြစ်ရိုးဖြစ်စဉ် တစ်ခုတော့ မဟုတ်ချေ။ မြောက်ကိုရီးယားအစိုးရသည် ယင်းတို့၏ ဒုံးကျည်နှင့် နျူကလီးယား လက်နက်တိုက်ကို အိုဘားမားအစိုးရ လက်ထက်မှ စတင်တည်ဆောက်ခဲ့သော်ငြား ၂၀၁၇ ခုနှစ် တင်းမာမှု အခြေအနေများ အပြီးတွင် ကင်သည် ၎င်း၏ စီမံကိန်းကို နောက်ဆုတ်သွားခဲ့သည်။

ထိုစဉ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေးအရ စေ့စပ်မှုများအပြင် အိမ်ခြံမြေ သဘောတူညီချက်များနှင့် ပတ်သက်သည့် ကြိုးစားမှုများကြောင့် မြောက်ကိုရီးယား၏ ဒုံးကျည် စမ်း သပ်မှုများမှာ၂၀၁၈ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည်။

ယင်းတို့သည် အကျိုးရှိသော ကြိုးပမ်းမှုများ ဖြစ်ရုံမက ကောင်းမွန်သည့် ရလဒ်များလည်း ဖြစ်ထွန်းခဲ့သည်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ၂၀၂၂ အစောပိုင်းအထိ မြောက်ကိုရီးယားဘက်မှ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှု လုပ်ဆောင်ခြင်းမျိုး မရှိတော့သည်ကို ကြည့်လျှင် ထိုအချက်ကို ရှင်းလင်းစွာ မြင်နိုင်မည် ဖြစ်သည်။

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့ ကင်ဂျုံအန်ကို တွေ့ရစဉ်

သို့သော် အခြေအနေများမှာ များစွာ ပြောင်းလဲသွားခဲ့သည်။ ကင်သည် ၂၀၂၂ ခုနှစ် တစ်နှစ်ထဲမှာပင် ဒုံးကျည် ပစ်လွှတ်မှုပေါင်း ၇၀ နီးပါး လုပ်ဆောင်ခဲ့သည်။ ယင်းကြောင့် တောင်ကိုရီးယားအနေဖြင့် နျူကလီးယား လက်နက် များကို ၎င်းတို့ထံ ပြန်လည် ပို့ဆောင်ပေးရန် အမေရိကန်ဘက်ကို တောင်းဆိုမှု လုပ်ဆောင်ခဲ့ရသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်တွင်လည်း မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား စမ်းသပ်မှုတစ်ခုကို ထပ်မံလုပ်ဆောင် မည့် အလားအလာများ မြင်တွေ့နေရသည်။ ဘာကြောင့် ယခုကဲ့သို့ အခြေအနေများ ပြောင်းလဲသွားရတာလဲ ဆိုတာကိုတော့ မေးခွန်း ထုတ်စရာဖြစ်လာသည်။

မေလတွင် ရွေးချယ်ခဲ့သော တောင်ကိုရီးယား အစိုးရသစ်နှင့် ပတ်သက်၍ ကင်ဂျုံအန်ဘက်က မကျေနပ်ချက် ရှိသည်ဟု သတ်မှတ်နိုင်သော်လည်း လက်တွေ့တွင် ထိုကိစ္စများထက် ပိုနေသည်။

ရုရှား-တရုတ် မဟာမိတ်ပူးပေါင်းမှုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော ကင်ဂျုံအန်သည် ကစားပွဲ သစ်တစ်ခု ကို စတင်လာခြင်း ဖြစ်သည်။ ၎င်းသည် အမြောက်များနှင့် ဒုံးကျည်ခွံများကို ရုရှားသို့ ရောင်းချလျက်ရှိသည်။
ရုရှား၊ မြောက်ကိုရီးယားတို့၏ ၁၁ မိုင်ရှည်လျားသော နယ်စပ်ဖြတ်ကျော် ရထားလမ်းကြောင်းမှ တစ်ဆင့် ဖြစ်နိုင် ဖွယ်ရှိသည်။ ကင်သည် မြေပြင်ပစ် ဒုံးကျည်၊ ရေငုပ်သင်္ဘောနှင့် လေယာဉ် စသည့် နျူကလီးယား လက်နက် သုံး မျိုးကို ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

ကင် အနေဖြင့် နိုင်ငံတွင် နျူကလီးယား လက်နက် အင်အား တောင်းတင်းနေခြင်းက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးအတွက် တခြားနိုင်ငံများကို တွန်းအားဖြစ်စေမည်ဟုလည်း ယုံကြည်ထားပုံ ရသည်။

ယင်းက ဖြစ်နိုင်ရန် ခဲယဉ်းသည့်တိုင် ရုရှားနှင့်တရုတ်တို့၏ ထောက်ခံမှုကို ရရှိထားခြင်းက ကင်ဂျုံအန် အနေဖြင့် ၎င်းလုပ်နိုင်သည်ဆိုသည့် ယုံကြည်မှုများကို ရရှိစေမည်လည်း ဖြစ်သည်။

စက်တင်ဘာလတွင် ကင်ဂျုံအန်သည် နျူကလီးယား ဥပဒေသစ်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား လက်နက် ရည်မှန်းချက်ကို လက်လျှော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုတွေ့ရစဉ်

တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အရိပ်အယောင်မျိုး တွေ့ပါက မြောက်ကိုရီးယား အနေဖြင့် ကိုယ်ပိုင် နျူကလီးယား လက်နက်ဖြင့် တုန့်ပြန်မှု လုပ်ဆောင်သွားမည်ဆိုသည့် လှည့်ကွက်တစ်ခုကိုပါ ထည့်သွင်း ဖော်ပြထားသည်။

ထိုသို့ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ခြင်းက ၎င်းအတွက် အခွင့်အရေး တစ်ခုပင်ဖြစ်ကာ တရုတ်နှင့်ရုရှားတို့၏ ၎င်းအပေါ် ထောက်ခံမှုကိုလည်း ဖော်ပြနေသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်သည် မြောက်ကိုရီးယားကို တင်းမာမှုများ လျှော့ချရန် အလိုရှိခဲ့သည်။ သို့သော် အမေရိကန် ဘက်မှ အရေးယူမှုများ လုပ်ဆောင်ခဲ့ချိန်တွင်တော့ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ကို ရန်စနေခြင်းက ပိုကောင်းသည်ဟု မှတ်ယူခဲ့ပုံရသည်။

မြောက်ကိုရီးယားဘက်မှ လုပ်ဆောင်ခဲ့သော စမ်းသပ်မှု အစီစဉ်များတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ စွာ ရှိနေသည်ကို မြင်တွေ့ခဲ့ရသော်လည်း ၎င်းတို့အနေဖြင့် စမ်းသပ်မှု များများ လုပ်ဆောင်လေလေ တိုးတက်မှု များကို ပိုပြီးရရှိမည်မှာ သေချာနေသည်။

ဤအကြောင်းတရားများသည် တင်းမာမှုများကြောင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် အနေဖြင့် အမေရိကန် သို့မဟုတ် ၎င်း၏ မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများအပေါ် မည်သည့် နျူကလီးယား တိုက်ခိုက်မှုပုံစံမျိုးကိုမှ လက်ခံမည် မဟုတ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများက ကင်မင်းဆက်၏ အဆုံးသတ် ဖြစ်သွားနိုင်ကြောင်း ထပ်မံ ပြောဆိုခဲ့ရသည်။

အော်စတာသည် နိုဝင်ဘာ ၃ ရက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အမေရိကန်၏ B-52 နှင့် B-1 ဗုံးကြဲလေယာဉ်များကို နောက်ခံထားကာ ထိုသို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုရီး ယား၏ နျူကလီးယားအရေးတွင် အမေရိကန်ပေးချင်သည့် မက်ဆေ့ချ်မှာ ရှင်းလင်းနေပြီလည်း ဖြစ်သည်။

သို့သော် မည်သို့ပင် ဆိုစေကာမူ ၂၀၂၃ နှစ်သစ်တွင် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ နျူကလီးယား အခြေ အနေသည် ဒေသတွင်း တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသော အနေအထားတွင် ရှိနေသည်ကိုတော့ ငြင်းဆန်၍ ရနိုင် မည် မဟုတ်ပေ။

ထို့ကြောင့် အမေရိကန် အနေဖြင့် ထိုအခြေအနေများအပေါ် မည်သို့ကိုင်တွယ်မည်နည်း ဆိုသည်မှာ စိတ်ဝင်စား ဖွယ် ကောင်းလာသည်။ အမေရိကန်ဘက်မှ လုပ်ဆောင်လာဖွယ်ရှိနေသည်မှာ ဒေသတွင်းရှိမဟာမိတ် များကို ထောက်ပံ့ခြင်း၊ ဂူအန် အပါအဝင် ပစိဖိတ်ရှိ အဓိကနေရာများတွင် အကောင်းဆုံး ဒုံးကျည်ကာကွယ်ရေး စနစ်များ ကို တပ်စဉ်ခြင်းနှင့် အလက်စကာနှင့် ကယ်လီဖိုးနီးယားရှိ ဒုံးခွင်းဒုံးကျည်များကို ဆက်လက် တည်ဆောက်ခြင်း ပင် ဖြစ်သည်။

အမေရိကန်တွင် မြောက်ကိုရီးယားမှာ အမေရိကန်သို့ ပျံသန်းလာမည့် ဒုံးကျည်များကို လမ်းတွင်ပင် ကြားဖြတ် ဟန့်တားခြင်းဖြင့် မြောက်ကိုရီးယားဘက်မှ ခြိမ်းခြောက်မှုကို တုန့်ပြန်ရန် ရည်ရွယ်၍ West Cost တွင် ဒုံးခွင်းဒုံး ကျည် စနစ်များကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။

အလက်စကာပြည်နယ်တွင် ဒုံးခွင်း ပေါင်း ၄၄ လုံးရှိကာ ကိုဗစ်ကာလတွင် နောက်ထပ် ၂၀ ထပ်တိုးလာသည်။ ကယ်လီဖိုးနီးယားတွင်လည်း ဒုံးခွင်း စခန်း ၄ ခုကို ပိုင်ဆိုင်ထားသည်ဟု သိရသည်။

ထိုကဲ့သို့သော အကြောင်းအရာများ ရှိနေသည့်တိုင် ၂၀၂၃ ခုနှစ်တွင် မြောက်ကိုရီးယားထံမှ နောက်ထပ် ခြိမ်းခြောက်မှု အသစ်များ ထပ်မံပေါ်ထွက်လာဦးမည် ဖြစ်သည်။ တခြားသော ခေါင်းဆောင်းများကဲ့သို့ပင် ကင်ဂျုံ အန်သည် အာဖဂန်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို မေ့နိုင်ဦးမည် မဟုတ်သလို ဂျိုးဘိုင်ဒန်အစိုးရ ၏စစ် ဘက်ဆိုင်ရာ မတင်မကျ အခြေအနေများ အပေါ်ကိုလည်း ကောင်းစွာ သဘောထောက်ထားပြီး ဖြစ်သည်ဟု ယူဆရမည်ဖြစ်သည်။

Fox News တွင် ဖော်ပြထားသော Rebecca Grant ၏ N. Korea’s Kim Jong Un increases tensions, shows he has aligned with Russia, China ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Source: Fox News