CNI International News

ဟောင်ကောင်၊ စက်တင်ဘာ ၉

ဟောင်ကောင်တွင် နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်သည့် မိုးများရွာသွန်းခဲ့သဖြင့် လူဦးရေ ထူထပ် သိပ်သည်းသည့် နေရာများ၌ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဆိုးရွားသည့် ရာသီဥတု အခြေအနေကြောင့် အာဏာပိုင်များက စာသင်ကျောင်းများကို ပိတ်ခဲ့ပြီး လမ်းများ၊ ဈေးဝယ်ကုန်တိုက်များနှင့် မြေအောက်ရထားဘူတာရုံများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေသဖြင့် အလုပ်သမား များကို နေအိမ်အတွင်း၌သာ နေထိုင်ရန် ညွှန်ကြားထားသည်။

ဟောင်ကောင်ကျွန်းနှင့် ကောင်းလွန်း (Kowloon) မြို့အကြား ဆက်သွယ်ထားသည့် မြေအောက် လှိုဏ်ခေါင်းထဲ တွင်လည်း ရေများဝင်နေပြီး အချို့နေရာ ဒေသများတွင် မြေပြိုမှုဖြစ်ပွားနိုင်သည့် သတိပေးချက်များကို ထုတ်ပြန် ခဲ့သည်။

ဟောင်ကောင် စူပါမားကတ်ထဲမှာ ရေကြီးနေစဉ်

ဟောင်ကောင် မိုးလေဝသ အေဂျင်စီကမူ ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီ အချိန်အထိ နာရီအလိုက် မိုးရေချိန် ပမာဏသည် ၁၅၈ ဒသမ ၁ မီလီမီတာစီ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုမိုးရေချိန် ပမာဏသည် စစ်တမ်း စတင်ကောက်ယူခဲ့သည့် ၁၈၈၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး မိုးရေချိန် ပမာဏအဖြစ် စံချိန်တင်ခဲ့သည်။

"မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားနိုင်ပါတယ်။ မြစ်ကမ်းပါးတွေနဲ့ နီးတဲ့နေရာတွေ မှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ မိုးလေဝသ အခြေအနေ သတိပေးချက်တွေကို အဆက်မပြတ် နားထောင်သင့်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းသင့်ပါတယ်"ဟု ဟောင်ကောင် မိုးလေဝသအေဂျင်စီက ထုတ်ပြန် ခဲ့သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီ(John Lee)ကတော့ ဆိုးရွားသည့် ရေလွှမ်းမိုးမှုနှင့် ပတ်သက်ပြီး အလွန် စိုးရိမ်ကြောင်းနှင့် ရေဘေးအန္တရာယ်ကို တုံ့ပြန်ဖြေရှင်းရန် အစိုးရဌာနအားလုံးကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း တိုင်ဖွန်း ဟိုက်ကွေး (Haikui) သည် စက်တင်ဘာ ၅ ရက်က တရုတ်၏ ဖူကျန်း (Fujian) ပြည်နယ်သို့ မဝင်ရောက်မီ ထိုင်ဝမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့သည်။

ဟောင်ကောင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးနေစဉ်

တိုင်ဖွန်းဟိုက်ကွေး တိုက်ခတ်ခဲ့မှုနှင့်အတူ လေဖိအားနည်းသည့် အခြေအနေများကြောင့် ယခုကဲ့သို့ အဆက် မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်သည်ဟု ဟောင်ကောင် မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် အပူပိုင်း မုန်တိုင်းများကို ပိုမိုအားကောင်းလာခဲ့ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ လေပြင်းတိုက်ခတ်မှုများ၊ ရေလွှမ်းမိုးမှု အန္တရာယ်များ ပိုမိုဆိုးရွား လာခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား