CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၈

မြန်မာနိုင်ငံအတွင်းမှာ ရာသီဥတု ပြောင်းလဲမှုများကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများ လျှော့ချနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းရန်လိုအပ်ကြောင်း  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူများက ပြောသည်။

ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းမှာ သစ်တောပြုန်းတီးမှုနှင့်လည်း သက်ဆိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ် လျှော့ချနိုင်ရန် သစ်ပင်များကို စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူ ကိုမျိုးလွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အထူးသဖြင့် မိုးကြီးတာတွေ ဖြစ်တယ်။ မိုးခေါင်တာတွေ ဖြစ်တယ်ပေါ့နော်။ မိုးဦးမှာဆို မိုးမရွာ သလောက်ပဲ။ ခုနောက်ပိုင်းမှာ မိုးနည်းနည်း ရွာလာတယ်။ မိုးရွာလာမှုနဲ့အတူ ရေကြီးမှုတွေရှိတယ် နောက်ပြီး ကမ်းပါးပြိုကျမှုတွေ ရှိတယ်။ ဒါတွေအားလုံး ပျက်ကျမှုတွေကို ခြုံငုံကြည့်ရမယ်ဆိုရင် သစ်တောသစ်ပင်တွေ ပြုန်းတီးလာလို့ ပျက်စီးလာလို့ ဖြစ်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ မိုးတအားရွာတဲ့အခါ ရွာလိုက်တဲ့ မိုးတွေကို အကုန်လုံးကို ထိန်းပြီးမှ ဖြည်းဖြည်းချင်း အနိမ့်ပိုင်းကို စီးဆင်းတယ်ပေါ့နော်။ သစ်ပင်တွေရှိတဲ့ အခါမှာလည်း မိုးတအားရွာတဲ့ အခါလည်း ကမ်းပါးပြိုကျမှုကို ထိန်းနိုင်တယ်ပေါ့နော်။ ရွာလိုက်တဲ့ မိုးတွေအကုန်လုံးက သစ်ပင် တွေ မရှိတဲ့အခါ မြေနိမ့်ပိုင်းကို စီးဆင်းတဲ့အခါမှာ ရေကြီးမှုတွေ ဖြစ်တယ်။ အခုကတော့ သစ်တောသစ်ပင် ပြုန်း တီးမှုတွေကြောင့် ဒီဆိုးကျိုး သက်ရောက်မှုတွေ ဒီထိခိုက်မှုတွေကို ခံနေရတယ်ပေါ့”ဟု ပြောသည်။

ရေကြီးမှုကြောင့် ကယ်ဆယ်ရေးလုပ်နေစဉ်

မြန်မာနိုင်ငံ သစ်တောပြုန်းတီးခြင်း၏ အဓိက အကြောင်းအရင်းမှာ မြေအသုံးချမှုကို အခြားသော ရည်ရွယ်ချက် များတွင် ပြောင်းလဲ အသုံးပြုခြင်း၊ သစ်ထုတ်လုပ်မှုကဏ္ဍတွင် အလွန်အကျွံ သစ်ထုတ်လုပ်ခြင်း၊ လူဦးရေ တိုးပွား လာမှုနှင့်အတူ ကျေးရွာများ၊ မြို့များ ချဲ့ထွင်လာခြင်း၊ ထင်းနှင့်မီးသွေး အသုံးပြုခြင်း၊ သစ်နှင့် သစ်သား ဝယ်လိုအား များလာခြင်း၊ မှောင်ခိုသစ် ထုတ်လုပ်ခြင်း စသည့် အခြေအနေများကြောင့်ဟု သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထား သည်။

သဘာဝပတ်ဝန်းကျင် ဆိုးရွားလာခြင်းမှာ ရာသီဥတု ပြောင်းလဲမှုနှင့် လူသား အရင်းအမြစ်များနှင့်လည်း သက်ဆိုင်မှုရှိကြောင်း မွန်ပြည်နယ်၊ မော်လမြိုင် ပရဟိတအသင်းမှ ကိုဘိုဘိုဝင်းက ပြောသည်။

 ၂၀၂၃ ခုနှစ်၊ သြဂုတ်ပထမအပတ်က မိုးသည်းထန်စွာ ရွာသွန်း၍ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် မြေပြိုမှုဖြစ်သွားစဉ်

၎င်းက “လက်ရှိကတော့ climate change ပေါ့နော် ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုပေါ့နော်။ ပြောရမယ်ဆိုရင် တော့ အပင်တွေ မရှိလို့လည်း ပါတယ်။ နောက်တစ်ခုက လူသားအရင်းအမြစ်ဖြစ်တဲ့ ကားတွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေရဲ့ အပူရှိန်ကြောင့်လည်း ဒီရာသီဥတု ပြောင်းလဲမှုကတော့ ဖြစ်နေတာပေါ့နော်။ နောက်တစ်ခုက တော့ မြို့ပေါ်ရပ်ကွက်တွေ ရေကြီးတဲ့ကိစ္စကတော့ ချောင်းတွေ မြောင်းတွေ ပိတ်ဆို့မှုတွေ ဖြစ်တယ်။ ကိုယ့် အိမ်ရှေ့ ကိုယ်မြောင်း ဖောက်ရမှာတွေ မလုပ်ဘူးပေါ့နော်၊ အဲ့ဒါတွေကြောင့်လည်း ရေကြီးရေလျှံ ဖြစ်ပွားမှုဖြစ်တာ ပေါ့နော်။ အဓိကတော့ အခုနောက်ပိုင်း အပူစွမ်းအင်သုံးတဲ့ စက်ရုံတွေအနေနဲ့လည်း လည်ပတ်မှု မီးခိုးပေါ့နော်။ နောက်တစ်ခုက ကျနော်တို့ မြန်မာပြည်မှာ ဘာတစ်ခုရှိလဲဆိုတော့ အမှိုက်မီးရှို့တဲ့ကိစ္စ။ အမှိုက်မီးရှို့တဲ့ကိစ္စက တော်တော်လေးကို မကောင်းတဲ့ကိစ္စ။ အပူရှိန်မြင့်မားမှုတွေ ဖြစ်ပေါ်နိုင်တယ်။ အမှိုက်မီးရှို့တဲ့ အလေ့ကို ဖျောက်ဖို့ တော့ လိုအပ်တယ်” ဟု ပြောသည်။

လက်ရှိ မိုးတွင်းကာလတွင် မြန်မာနိုင်ငံ၏ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ် မြောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝှမ်းဒေသ တစ်လျှောက်ရှိ ဒေသများ၌  မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသလို ရေနစ်သေဆုံးမှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။ 

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ရေကြီးမှုကြောင့် အမျိုးသမီး တစ်ဦးနှင့် ကလေးတစ်ဦး ရေနစ်သေဆုံးသွားခဲ့သလို ဩဂုတ်လ ၆ ရက်နေ့ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့ နယ်မှာ မြေပြိုကျမှုကြောင့် ကန်ထဲတွင် ရေကူးနေသည့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေကြီး‌ရေလျှံမှု အဓိကဖြစ်ပွားသည့် ကာလမှာ ဇူလိုင်နှင့် ဩဂုတ်လတို့ဖြစ်ပြီး ယခုနှစ်တွင် ဇူလိုင်လ နောက်ဆုံး အပတ်မှစတင်ကာ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။