CNI International News

ကက်ရှ်မီးယား၊ မေလ ၃၁

အိန္ဒိယထိန်းချုပ်ဒေသမှ ဂျမူးနှင့် ကက်ရှ်မီးယား ဒေသအုပ်ချုပ်ရေးအဖွဲ့သည် ယခုနှစ်အတွင်း ခရီးသွားများ စံချိန်တင် လာရောက်လည်ပတ်မည့် အခြေအနေအတွက် အသင့်ပြင်ထားမှုနှင့်အတူ မေလလယ်ပိုင်းအထိ ခရီးသွား ၁ သန်းကျော် လာရောက်လည်ပတ်ခဲ့သည်ဟု Daily Good Morning Kashmir သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ကက်ရှ်မီးယားဒေသသည် ယခုနှစ်အတွင်း ခရီးသွားကဏ္ဍ မြင့်တက်လာပြီး ပြည်ပခရီးသွားများ ရောက်ရှိလာမှုကို မြင်တွေ့နေရသည်။

ယခုနှစ် ခရီးသွားရာသီအတွင်း ဟိုတယ်များ၊ လှေပေါ်အိမ်များနှင့် ဒေသခံမိသားစုများ၏ အိမ်များတွင် ငှားရမ်း နေထိုင်မှုများ နေရာလွတ်မကျန် ဖြစ်ခဲ့သည်။

“မေလလယ်ပိုင်းအထိ ခရီးသွား ၁ သန်းကျော်လောက် လာရောက်ခဲ့ကြပါတယ်။ ပြည်ပခရီးသွားတွေ ရောက်ရှိလာ မယ့် အလားအလာနဲ့အတူ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် ကောင်းမွန်တဲ့ ခရီးသွားရာသီ ဖြစ်ခဲ့ပါတယ်” ဟု ကက်ရှ်မီးယား ခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူး ရာဂျာယာကွတ်ဘ် (Raja Yaqoob) က ပြောကြားခဲ့သည်။

 ကက်ရှ်မီးယားဒေသ ခရီးသွားများ လှေစီးနေကြစဉ်

ဆေးရာသီ၊ နွေဦးရာသီနှင့် နွေရာသီများတွင် ခရီးသွားများ လာရောက်မှုသည် ယခင်စံချိန်များကို ကျော်ဖြတ် သွားလိမ့်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

“ခရီးသွားတွေ ရောက်ရှိလာတဲ့ အရင်နှစ်စံချိန်က ဒီနှစ်ထဲမှာ ကျိုးသွားခဲ့ပါပြီ။ ဒီနှစ်ထဲမှာလည်း ခရီးသွားတွေ ရောက်ရှိမှု စံချိန်သစ်ကို တင်ဖို့ အသင့်ပါပဲ”ဟု ယာကွတ်ဘ်က ပြောသည်။

ခရီးသွားများ အဓိက သွားရောက်လေ့ရှိသည့် နေရာများမှာ ဒက်ဆန် (Daksun) နှင့် ဒွတ်ဟပါသရီ (Doodhpathri) ကဲ့သို့ တမူထူးခြားသည့် အရပ်ဒေသများဖြစ်ပြီး ယခုနှစ်အတွင်း ထိုနေရာများသို့ သွားရောက်ကြသော  ခရီးသွား အရေအတွက်သည် မတိမ်းမယိမ်း ရှိခဲ့သည်ဟု ဆိုသည်။

ကက်ရှ်မီးယားဒေသ ခရီးသွားများကိုတွေ့ရစဉ်

ကက်ရှ်မီးယား ခရီးသွားအေးဂျင့်များအသင်း (TAAK) ၏ လက်အောက်ခံဖြစ်သည့် အဆိုပါ ခရီးသွားလုပ်ငန်းအဖွဲ့ က ယခုနွေရာသီတွင် အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများ၏ ဘွတ်ကင် တင်မှုများ ပြည့်နေသည်ဟု ဆိုသည်။

“လက်ရှိမှာ ခရီးသွားတွေ အဆက်မပြတ် ဝင်လာတာကို တွေ့နေရပါတယ်။ ကျန်တဲ့လတွေမှာလည်း အခုလိုပဲ ခရီးသွားတွေ ဆက်တိုက် ဝင်ရောက်ပြီး ခရီးသွားလုပ်ငန်းမှာ အရင်က စံချိန်တွေကို ချိုးဖျက်နိုင်ဖို့ မျှော်မှန်းထား ပါတယ်” ဟု ယာကွတ်ဘ်က ပြောသည်။

ယခုနှစ်ခရီးသွား ရာသီအတွင်း ဂူဂျာရတ် (Gujarat) ၊ မဟာရက်ရှ်ထရာ (Maharashtra) ၊ အနောက်ဘန်ဂေါ (West Bengal) နှင့် တမီလ်နာဒူး (Tamil Nadu) ပြည်နယ်တို့မှ ခရီးသွား အများအပြားသည် ကက်ရှ်မီးယားသို့ သွားရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။

Source: Daily Good Morning Kashmir