CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉

Wave Money မှ အေးဂျင့်ဆိုင်များတွင် ငွေသွင်းငွေထုတ် ပြုလုပ်ပါက မှတ်ပုံတင် မဖြစ်မနေ ယူလာရမည်ဟု သတ်မှတ်ခြင်းသည် လုံခြုံရေးအရ ပိုကောင်းသွားသည်ဟု ချစ်ကမ္ဘာ Wave Money အေးဂျင့်ဆိုင်မှ ပြောသည်။

၎င်းက “ကောင်းပါတယ် အဲ့ဒါက လုံခြုံရေးအရ၊ ဘာလို့ဆိုတော့ ထုတ်သွားရင်လည်း ထုတ်သွားတဲ့လူရဲ့ မှတ်ပုံတင် တစ်ခါတည်း ရှိပြီးသားလေ၊ လိမ်လို့ညာလို့မှ မရတာ ၊ ဒီလူကို လွှဲထားရင် ဒီလူဘဲ ထုတ်တယ်ဆိုတဲ့ အကြောင်း ကို ညာလို့ မရတော့ဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ ငွေလွှဲ၊ငွေထုတ် လုပ်ငန်းစဥ် များ ပိုမို လုံခြုံ စိတ်ချရစေဖို့ Wave Money က လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း wave Money က စက်တင်ဘာ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Wave Money က “ယခုလို အဆင့်မြှင့်တင် လုပ်ဆောင်ချက်များအရ Wave ဆိုင်များမှာ ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှု အသုံးပြုသူများ အနေဖြင့် မှတ်ပုံတင်ကို မဖြစ်မနေ ယူလာပြီး အချက်အလက် အပြည့်အစုံကို ဖြည့်စွက်ဖို့ လိုအပ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။ သို့မှသာ ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

wave money အသုံးပြုသူ ကိုစစ်မှူးဇော်ကတော့ ယခင်ကလို message နှင့် မထုတ်ရတော့ဘဲ မှတ်ပုံတင် ပါမှ ထုတ်၍ရသည်ဟု သတ်မှတ်လိုက်ကြောင့် ငွေလိမ်မှုများ နည်းသွားလိမ့်မည်ဟု ပြောသည်။

Wave Money အသုံးပြုခြင်းတွင် မှတ်ပုံတင်ယူလာရန် ကြေညာထား

၎င်းက “အရင်တုန်းကဆိုရင်လည်း သူတို့က မှတ်ပုံတင်တွေ ဘာတွေလည်း မပေးဘူးလေ။ message လေး က ကျလာတဲ့ဟာလေးတွေနဲ့ အဲ့ဒါလေးနဲ့ ပြလိုက်လို့ရှိရင် အဆင်ပြေသွားတယ်ဆိုတော့၊ မှတ်ပုံတင်ရှိမှ ဆိုပြီး ပြောင်းလဲလိုက်တာတော့ ကောင်းတော့ ကောင်းပါတယ်။ ဘာလို့ဆို ငွေလိမ်တာတွေ ဘာတွေ နည်းနည်း လျှော့ကျသွား တယ်ပေါ့နော်၊ ပြီးတော့ ထုတ်ရတာလဲ လုံခြုံမှုရှိသွားတာပေါ့” ဟု ပြောသည်။

Wave Money တွင် တယ်လီနောမှ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ သို့သော် တယ်လီနောသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းကြောင့် ဒေါ်လာ ၅၃ သန်းဖြင့် Yoma အုပ်စုသို့ ရှယ်ယာပိုင်ဆိုင်မှုများကို ရောင်းချရန် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလပိုင်းက သဘောတူညီမှု ရရှိခဲ့သည်။

Wave Money သည် မြန်မာနိုင်ငံတွင် ငွေလွှဲခြင်းနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု ဖြေရှင်းချက်များကို ဦးဆောင် နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာ့မိုဘိုင်းလ်ဘဏ္ဍာရေး ဝန်ဆောင်မှု စည်းမျဉ်းဥပဒေသစ်အရ ဘဏ် မဟုတ်သော အဖွဲ့အစည်းအဖြစ် ပထမဆုံး လုပ်ကိုင်ခွင့်ရရှိခဲ့ကာ ရိုးမဘဏ်နှင့် တယ်လီနော အုပ်စုတို့ အကြား ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဖက်စပ်လုပ်ငန်းအဖြစ် တယ်လီနော (မြန်မာ) က ရှယ်ယာ ၅၁ ရာခိုင် နှုန်း၊ ရိုးမအုပ်စုဝင် ရိုးမမဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုလီမိတက်(YSIL) က ၄၄ ရာခိုင်နှုန်း၊ ရိုးမဘဏ်က ရှယ်ယာ ငါးရာခိုင်နှုန်းဖြင့် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက်၂၀၂၀ ပြည့်နှစ်တွင် Wave Money အနေဖြင့် ငွေလွှဲခြင်း၊ ငွေပေးချေခြင်းတို့တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၇ ဘီလျံအထိ ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် Wave Money ဆိုင်ပေါင်း ၆၅၀၀၀ အထိ ချိတ်ဆက်ထားကြောင်း Wave Money က ထုတ်ပြန် ထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် တယ်လီနော(မြန်မာ)သည် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် အက်တမ်(Advancing Telecommunications of Myanmar )ဟု အမည်ပြောင်းလဲခဲ့သည်။