CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်တွင် ဒေသခံပြည်သူလူထု ပိုမိုအထိနာနေသဖြင့် လမ်းများအားပြန်လည်ဖွင့်လှစ်ပေးရန် နိုင်ငံတကာမှ တွန်းအားပေးသင့်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ရခိုင်တွင် တိုက်ပွဲရှောင်ဦးရေ ၆ သောင်းနီးပါးခန့်သာ ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတိုက်ပွဲများကြောင့် မြို့နယ် ၁၃ မြို့နယ်မှ တိုက်ပွဲရှောင် အရေအတွက်သည် ၃ သိန်းနီးပါးခန့်ရှိနေပြီဖြစ်ကြောင်း၊ လမ်းအားလုံး ပိတ်ထားမှု ကြောင့် ကူညီကယ်ဆယ် ထောက်ပံ့ရေးများလည်းမရှိသဖြင့် ပိုမို ဒုက္ခရောက်နေကြကြောင်း ၎င်းကပြောသည်။

ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က “အခု ကူညီဆောင်ရွက်ဖို့ကိစ္စတွေက အဓိကက လမ်းကြောင်းတွေပိတ်ထားတော့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ထားတော့ လေယာဉ်ရှိတဲ့ မြို့တွေကြတော့ လည်း သွားလာဆက်သွယ်ရေးက မရနိုင်ဘူးပေါ့။ အဲဒီတော့ ဘယ်လိုမှ ကူညီထောက်ပံ့ဖို့လည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ ရှိတဲ့ဒေသမှာ ရှိတဲ့စားနပ်ရိက္ခာတွေကိုပဲ လူထု အနေနဲ့ မလောက်မငှ ဝေငှစားသောက်နေရတာတွေ ရှိတယ်။ နောက်ပြီးတော့ ရမ်းဗြဲတို့ဘာတို့ဆို ကျနော်တို့ ဆီကို အကူညီတောင်းထားတဲ့ ကိစ္စတွေ အများကြီးပဲ ပေါ့။ အဲဒီတော့ စစ်ဘေးရှောင်ကိစ္စတွေဟာလည်း အခုလက်ရှိပြဿနာဖြစ်နေတယ် ကျနော်တို့ဒေသမှာ။ ဒီပဋိပက္ခမှာ ပါဝင်နေကြတဲ့ ဒီပဋိပက္ခမှာ ပတ်သက် နေကြတဲ့ field player တွေ အားလုံးကို‌ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ အဖြေရှာဖို့အတွက် နိုင်ငံတကာအနေနဲ့ ဒီကိစ္စမှာ တွန်းအားပေးသင့်တယ်လို့မြင်တယ်” ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုကြောင့် ရခိုင်ဒေသခံပြည်သူလူထုမှာ အကြပ်အတည်းဖြင့် ပိုမို ရင်ဆိုင်နေရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လမ်းများအား ပြန်ဖွင့်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ တစ်ကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲအရှိန်သည် လက်ရှိ သုံးလနီးပါးအကြာအထိ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ကုန်းလမ်းနှင့် ရေလမ်း ပိတ်ဆို့ထားမှု များကြောင့် ကုန်စည်စီးဆင်းမှု မရှိသဖြင့် ဒေသခံပြည်သူလူထုမှာ ပို၍ ဒုက္ခရောက်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များ(ပုံအဟောင်း) Gettyimages

သို့သော် လေကြောင်းလိုင်းရှိသည့် မြို့နယ်များမှ ငွေကြေးတတ်နိုင်သည့် ဒေသခံအများအပြားသည် ဘေးလွတ်ရာဖြစ်သည့် ရန်ကုန်၊ မန္တလေး ဘက်များသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်းလည်း သိရသည်။

ထို့အပြင် ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းက စ၍ ရခိုင်တစ်ပြည်လုံးတွင် ဆက်သွယ်ရေး အော်ပရေတာ လိုင်းများနှင့် အင်တာနက်လိုင်းများ ကိုလည်း ဖြတ်တောက်လိုက်သောကြောင့် ပိုမို အခက်အခဲ ဖြစ်စေကာ ဒုက္ခရောက်ကြောင်းလည်း လက်ရှိ တိုက်ပွဲရှောင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က တိုက်ပွဲရှောင်စခန်းများ သီးသန့်ရှိခဲ့သော်လည်း လက်ရှိတွင် နယ်မြေချဲ့ကာ တိုက်ပွဲများ ပိုမို ပြင်းထန်ဖြစ်ပွားလာနေသည့်အတွက် တိုက်ပွဲရှောင်စခန်းဟူ၍ သီးသန့်မရှိတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း တိုက်ပွဲရှောင်နေသူများထံမှ သိရသည်။

ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် အခက်အခဲဖြစ်နေသည့် ဒေသခံတိုက်ပွဲရှောင်များအား NGO နှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် နည်းလမ်းစဉ်းစား၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးစေလိုကြောင်း ရသေ့တောင်မြို့နယ်မှ တိုက်ပွဲရှောင် ကိုအောင်မင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်မှာတိုက်ပွဲရှောင်များအားတွေ့ရစဉ်(ပုံအဟောင်း) Gettyimages

“စစ်တွေမြို့တွေမှာပဲ အခြေစိုက်တာဆိုတော့ ဒီ NGO တွေက။ သူတို့ဘက်မှာလည်း အစိုးရ စကစကြောင့် အခက်အခဲရှိတယ်ထင်တယ်။ နောက်ပြီး ငွေထုတ်ရတာပဲ အဆင်မပြေတာလားတော့မသိဘူး။ စာရင်းတွေ ဘာတွေတော့ တောင်းတာရှိတယ်။ စစ်ဘေးရှောင်တွေ ဘယ်လောက်ရောက်နေပြီလဲ တောင်းတာတွေတော့ ရှိတယ်။ NGO တွေနဲ့ CSO အဖွဲ့အစည်းတွေက ဒုက္ခရောက်နေတဲ့လူတွေကို နည်းလမ်းရှာပြီးတော့ တစ်နည်းနည်း နဲ့ ကူညီပေးစေချင်တယ်။ တိုက်ပွဲရှောင်စခန်းဆိုပြီး သက်သက်မရှိဘူး။ ရွာတွေကို လက်နက်ကြီးကျတယ်ဆိုရင် အဲဒီရွာ ပတ်ဝန်းကျင်နဲ့ တိုက်ပွဲရှောင်တွေက အခုက တော်တော်များများကို ဒီဘက်ကိုပစ်ရင် ဒီဘက်ကို ပြေးလိုက်၊ ဒီဘက်ကိုပစ်ရင် ဟိုဘက်ကိုပြေးလိုက် အဲဒီလိုမျိုးပဲ ပြေးနေရတယ်။ ထောက်ပံ့မှုတွေ ကူညီတာတွေ တော့ လာလည်းမလာနိုင်သလို ရှိလည်းမရှိသေးဘူး။ ရှိတာလေးနဲ့ ဘုန်းကြီးကျောင်းတွေဘာတွေမှာ နေနေကြတာ တွေ့ရတယ်။ လက်နက်ကြီးမပစ်တဲ့အခါကြရင်တော့ ရွာကိုသွားတယ်။ ဆန်တို့ အခြားယူစရာရှိတာတွေ သွားယူတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး ပလက်ဝမြို့ အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်မှ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ထားသည်။