CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁

တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ် ထပ်မံ တိုးမြှင့်ရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) တွင် ထုတ်ပြန် ကြေညာခဲ့သည်။

လက်တွေ့ကျသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့အတွက် နိုင်ငံ တော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင် ရာ ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

တပ်မတော်က “ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာ ယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း ဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည်”ဟု ပြောသည်။

ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့ကို အခြေခံသည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့ပြီးနောက် NCA ထိုးထားသည့် RCSS ၊ PNLO၊ DKBA၊ KNU/KNLA-PC၊ NMSP၊ LDU၊ ALP တို့အပါအဝင် NCA မထိုးရသေးသော UWSA၊ NDAA၊ SSPP တို့ဖြင့် တွေ့ဆုံ ဆွေးနွေးထားသည်။

တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ၄ နှစ်ကျော် အပစ်အခတ်ရပ်စဲခဲ့သည်။ အပစ်အခတ်ရပ်စဲကြောင်းကိုလည်း စုစုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့ ၌ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် KNU၊ KIA၊ KNPP၊ CNF တို့အပါအဝင် နွေဦးတော်လှန်ရေးနှင့်အ တူ ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF)တို့ဖြင့် တိုက်ပွဲ များ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူ သိန်းချီရှိသလို နေအိမ်နှင့် အဆောက်အအုံပေါင်း သောင်းချီ မီးရှို့ခံထားရသည်။