CNI International News

ဂျိုဟန်နက်စဘတ်ချ်၊ စက်တင်ဘာ ၁

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်ချ်မြို့ရှိ အဆောက်အအုံတစ်လုံးတွင် သြဂုတ် ၃၁ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၇၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မီးလောင်ကျွမ်းခဲ့သည့် ငါးထပ်တိုက် အဆောက်အအုံသည် အိမ်ယာမဲ့များ ကျူးကျော်ဝင်ရောက်နေထိုင်သည့် အဆောက်အအုံပျက်တစ်လုံးဖြစ်ပြီး မီးလောင်ကျွမ်းချိန်တွင် အဆောက်အအုံအတွင်း၌ နေထိုင်သူများက ပြတင်းပေါက်များမှ ခုန်ချခဲ့သဖြင့် သေဆုံးခဲ့ဖွယ်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ပြောသည်။

မျက်မြင်တစ်ဦး၏ ပြောကြားချက်အရ အဆောက်အအုံမီးလောင်ကျွမ်းနေသည့်အချိန်တွင် အဆောက်အအုံ အတွင်းရှိ လူများသည် ကလေးများကို ကယ်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကလေးများကို ပြတင်းပေါက်များမှ မြေပြင်သို့ ပစ်ချခဲ့ကြောင်း သိရသည်။ 

ယခင်က ကားပါကင်အဖြစ် အသုံးပြုခဲ့ဖူးသည့် ထိုအဆောက်အအုံအတွင်း နေထိုင်သူ ၂၀၀ ခန့်ရှိလိမ့်မည်ဟု မျက်မြင်တစ်ဦးက ပြောကြားခဲ့ပြီး ထိုအဆောက်အအုံတွင် မြေအောက်ခန်းလည်း ပါရှိသည်ဟု ဆိုသည်။

မီးသတ်သမားများ မီးငြိမ်းသတ်နေကြစဉ်(AP)

သေဆုံးသူများအနက် ကလေး ၇ ဦးပါဝင်ခဲ့ပြီး အသက်အငယ်ဆုံး သေဆုံးသူသည် အသက် ၁ နှစ်အရွယ် ကလေးငယ်ဖြစ်သည်ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် မိသားစု ၁၄၁ စုကို ထိခိုက်စေခဲ့သော်လည်း မီးစတင်လောင်ကျွမ်းချိန်တွင် အဆောက်အအုံအတွင်း လူမည်မျှရှိနေသည်ကို အတိအကျမသိရကြောင်းနှင့် ၎င်းအဆောက်အအုံတွင် နေထိုင်သူအများစုသည် ပြည်ပနိုင်ငံသားများဖြစ်သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

သြဂုတ် ၃၁ ရက် နံနက် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင်ကျွမ်းမှုတွင် လူ ၅၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဂျိုဟန်နက်စဘတ်ချ်မြို့ အရေးပေါ် ကိစ္စရပ်များဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရောဘတ် မူလာအိုဇီ (Robert Mulaudzi) က ပြောကြားခဲ့သည်။

ထို့ပြင် သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်ဖွယ်ရှိနေသည်ဟုလည်း မူလာအိုဇီက ပြောသည်။

ဂျိုဟန်နက်စဘတ်ချ်မြို့သည် တောင်အာဖရိက၏ အကြီးဆုံးမြို့ဖြစ်ပြီး အာဖရိကတိုက်တွင် အချမ်းသာဆုံး မြို့ဖြစ်သော်လည်း မြို့အတွင်းတွင် လူမနေသည့် အဆောက်အအုံပျက်များရှိနေပြီး ထိုအဆောက်အအုံများ ထဲတွင် အိမ်ယာမဲ့များက ဝင်ရောက်နေထိုင်လျက်ရှိသည်။

Source:အေပီ