CNI International News

ဂါဇီယန်တပ်၊ ဖေဖော်ဝါရီ ၉

အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ရန်အခွင့်အလမ်းနည်းပါးလာသည့်တိုင် တူရကီနှင့်ဆီးရီးယားတို့မှ ကယ်ဆယ်ရေးအဖွဲ့များသည် အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့သော အဆောက်အဦ ထောင်ပေါင်းများစွာ၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေနေဆဲဖြစ်သည်ဟု AP သတင်းတွင်ဖော်ပြသည်။

ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အင်အားအပြင်းဆုံးငလျင်ကြောင့် လက်ရှိအချိန်တွင် အတည်ပြုနိုင်သော သေဆုံးသူအရေအတွက်သည်လည်း ၁၁၀၀၀(တစ်သောင်းတစ်ထောင်)ကျော်ခဲ့ပြီ ဖြစ်သည်။

ငလျင်ဒဏ်ကို ပြင်းပြင်ထန်ထန်ခံစားခဲ့ရသောကြောင့် ယာယီတဲများနှင့် နေထိုင်နေရသူများရှိရာ တဲမြို့ဟု အမည်ပေးခံထားရသည့် ခါရာမန်မာရတ်စ်(Kahramanmaras) မြို့သို့ တူရကီသမ္မတ အာဒိုဂန် (Erdogan) သွားရောက်ခဲ့သည်။ ငလျင်ဒဏ်သင့်ဒေသများသို့ အကူအညီများတိုးမြှင့်ပေးပို့ရန် အစိုးရအားတောင်းဆိုမှုများ ရှိနေချိန်တွင် အာဒိုဂန်က ငလျင်နှင့်ပတ်သက်၍ အချိန်မီ တုန့်ပြန်မှုလုပ်ဆောင်နိုင်ရန် လိုအပ်ချက်များရှိနေ သည်ဟု ဝန်ခံခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ လမ်းပေါ်တွင်ပစ်ထားခဲ့မည်မဟုတ်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသည့် အဆောက်အဦအောက်တွင် ကားတစ်စီးပိမိနေစဉ်(ဓါတ်ပုံ- DW)

တူကရီနှင့်ဆီးရီးယားတို့တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ရှာဖွေရေးအဖွဲ့များက ဒေသခံအရေးပေါ် လုပ်သားများနှင့် ပူးပေါင်းကာ ရှာဖွေမှုများကို လုပ်ဆောင်နေကြပြီး အကူအညီများပေးပို့မည်ဟု ကမ္ဘာ့နိုင်ငံများကလည်း ကတိပြု ထားသည်။ သို့သော် ငလျင်ကြောင့်ဖြစ်သော အပျက်အစီးများပြားမှု၊ နောက်ဆက်တွဲ ငလျင်များ၏ အင်အား ပြင်းထန်မှု၊ ထိခိုက်ရာ ဧရိယာအရွယ်အစားကျယ်ပြန့်မှု၊ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တချို့နေရာများ သီးခြား ဖြစ်နေမှုစသည့် အခြေအနေများကြောင့် ငလျင်ဒဏ်သင့်လူတစ်ချို့မှာ အကူအညီများရရှိရန် ဆက်လက် စောင့်ဆိုင်းနေရဦးမည်ဖြစ်သည်။

ငလျင်လှုပ်ပြီး သုံးရက်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့်လည်ကောင်း ရေ၊အစားအစာနှင့် ဆေးဝါးမရရှိမှုတို့ကြောင့် လည်းကောင်း အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲ အသက်ရှိနေသူများအတွက် အသက်ရှင်နိုင်ခြေမှာ တဖြည်းဖြည်းလျော့နည်းလာပြီဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

အဆောက်အဦအပျက်အစီးများကို မြေတူးစက်များဖြင့် ငြင်သာစွာ ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်နေရပြီး ပြိုကျခဲ့သော အဆောက်အဦအရေအတွက်မှာ ထောင်ချီရှိသောကြောင့် အပျက်အစီးများအောက်မှ အသက်ရှင်သူ မည်မျှကို ထပ်မံကယ်ဆယ်နိုင်မည်လဲကိုတော့ မသိရသေးပေ။

တူရကီနိုင်ငံ၊ Gaziantep ရှိ ပျက်စီးသွားသော အဆောက်အအုံ အပျက်အစီးများထဲမှ လူများကို အရေးပေါ် အဖွဲ့များက ရှာဖွေနေစဉ်(ဓါတ်ပုံ-အေပီ)

သေဆုံးလျက်တွေ့ရှိခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်သေးသည့်တိုင် ထိုသူများကို ငါး ရက်အတွင်း မြှုပ်နှံသဂြိုလ်မှုလုပ်ဆောင်သွားမည်ဟု တူရကီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ နောင်တွင် တိုက်ဆိုင်စစ်ဆေးမှုများလုပ်ဆောင်နိုင်ရန် DNA စစ်ဆေးမှု၊ လက်ဗွေနှင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်မှုလုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

လူတစ်ဦးသေဆုံးပြီးလျှင် အလျင်အမြန် မြှုပ်နှံရသော အစ္စလာမ္မစ်ထုံးစံများအရ ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်သည်။ လမ်းပိတ်နေမှုများ၊ ပျက်စီးမှုများက အကူအညီလိုအပ်နေသော နေရာများသို့ ကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက် ရန် အခက်အခဲဖြစ်စေရုံသာမက ရာသီဥတုအခြေအနေကြောင့်လည်း ကယ်ဆယ်ရေးသမားများမှာ အခက်အခဲများ နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

Source:AP