CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၂၄

ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရန် အီရန်လုပ် မောင်းသူမဲ့လေယာဉ် (ဒရုန်း)များအား ရုရှားဘက်မှ ဆက်တိုက် သုံးစွဲ လာသဖြင့် ကိယက်ဗ်မြို့တော်ရှိ အီရန်သံရုံးဝန်ထမ်းအင်အားကို လျှော့ချပြီး ယူကရိန်းဆိုင်ရာ အီရန်သံအမတ် အပေါ် အစိုးရအသိအမှတ်ပြုမှု ရုပ်သိမ်းမည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယူကရိန်းတပ်ဖွဲ့များသည် ယခုအချိန်အထိ စစ်ရေးပဋိပက္ခအတွင်း အီရန်လုပ် ဒရုန်း ၈ စင်းကို ပစ်ချခဲ့ပြီးဖြစ် ကြောင်း ဇာလန်းစကီးက စက်တင်ဘာ ၂၃ ရက်နှောင်း ပုံမှန်ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဒီကနေ့ ရုရှားစစ်တပ်ဟာ ကျနော်တို့ရဲ့ ဒနီပရိုပက်ထရိုဗက်ဒေသ (Dnipropetrovsk) နဲ့ အိုဒက်ဆာဒေသတွေကို တိုက်ခိုက်တာမှာ အီရန်ဒရုန်း သုံးခဲ့ပါတယ်။ ဒီကိစ္စကို ပြင်းပြင်းထန်ထန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ ပါတယ်” ဟု ဇာလန်းစကီးက ၎င်း၏မိန့်ခွန်းတွင် ဆက်လက် ပြောကြားခဲ့သည်။

“ဒီ အီရန် ဒရုန်း ၆ စင်းကို အရှေ့နဲ့တောင်ဘက် စစ်ရေးကွပ်ကဲမှု အောက်မှာရှိတဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်သုံးပြီး ပစ်ချခဲ့ပါတယ်။ နောက်ထပ် တစ်စင်းကိုလည်း ကျနော်တို့ရေတပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ပဲ မြေပြင်ဆင်းသက်စေခဲ့ပါတယ်။ အခုလေးတင်ပဲ အီရန်ဒရုန်း ထပ်တက်လာတယ်လို့ တောင်ပိုင်းစစ်ရေး ကွပ်ကဲမှုကနေ သတင်းပို့တာကို နားထောင်နေတုန်းပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းရှိ အီရန်သံရုံး (GETTY IMAGES)

“ဒီလိုမျိုး ဖော်ရွေချစ်ကြည်မှုမရှိတဲ့ အီရန်ရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းဘက်က သူတို့သံအမတ်ကို ရုပ်သိမ်းဖို့နဲ့ ကိယက်ဗ်မြို့တော်က သံရုံးဝန်ထမ်းအရေအတွက် သိသိသာသာ လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ရုရှားထံသို့ ဒရုန်းများ ပံ့ပိုးပေးခဲ့ကြောင်း ကိယက်ဗ်နှင့်ဝါရှင်တန်တို့၏ စွပ်စွဲချက်များကို အီရန်က ငြင်းဆိုထားပြီး တီဟီရန် အစိုးရတာဝန်ရှိသူများအနေဖြင့် စစ်ပွဲ၌ နှစ်ဘက်စလုံးကို မကူညီကြောင်း၊ ဆွေးနွေးမှုများမှတဆင့် စစ်ဖြစ်နေသည့် နှစ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသွားမည်ဖြစ်ကြောင်း ယခင်ကတော့ ပြောကြားခဲ့ဖူးသည်။

“ရုရှားနိုင်ငံကို လက်နက်ပေးပို့တာကို တုံ့ပြန်တဲ့အနေနဲ့ ကျနော်တို့ ကိယက်ဗ်မြို့က အီရန်သံအမတ်ကို အသိ အမှတ်ပြုမှု ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အီရန်သံရုံး ဝန်ထမ်းဦးရေ လျှော့ချဖို့လည်း ပြောခဲ့ပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အိုလက်နီကိုလန်ကို (Oleg Nikolenko) က အသိပေးခဲ့သည်။

Source: Aljazeera