CNI International News

ကိယတ်ဗ်၊ဇန်နဝါရီ ၁၃

ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းအရှေ့ပိုင်းရှိ ဆားတူးဖော်ရေး မြို့တစ်မြို့သို့ သိမ်းပိုက်နိုင်ရန် နီးကပ်လာပြီဟု ရုရှားဘက်မှ ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုသို့ သိမ်းပိုက်နိုင်ခဲ့လျှင် ရုရှားအတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်သည်။ သို့သော်လည်း တခြား တစ်ဖက်မှာတော့ စစ်သား အများအပြား သေဆုံးခဲ့ခြင်း၊ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည် လက်လွှတ် ခဲ့ရခြင်း စသော ပေးဆပ်မှုများလည်း ရှိခဲ့သည်။

ဆိုလီဒါ(Soledar)မြို့ တိုက်ပွဲတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ဒွန်းဘတ်ခ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ရုရှားတပ်များသည် ၎င်းတို့ တပ်သား အလောင်းများပေါ် နင်းဖြတ်လာခဲ့ကာ ၎င်းတို့လမ်းကြောင်းရှိ အရာအားလုံး ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ယူကရိန်းစစ်သားများ ရှေ့တန်းမှာ ပြေးလွှားနေစဉ် (Reuters)

ရုရှားတပ်ဖွဲ့များသည် မော်တာများ၊ ဒုံးကျည်များ အသုံးပြုကာ ဆိုလီဒါမြို့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှု လုပ် ဆောင်လျက်ရှိသည်။

ယင်းက အလွယ်တကူ အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်ထားသော တိုက်ပွဲ ၁၁ လနီးပါး ကြာမြင့်လာချိန်၊ စစ်ရေး အရ ဆုံးရှုံးမှုများ ရှိလာချိန်တွင် အောင်ပွဲရရှိရေး ရုရှားတို့၏ ကြိုးစားမှုလည်း ဖြစ်သည်။

ဆိုလီဒါကို ရရှိပါက ရုရှားတပ်များအတွက် ဆုလာဘ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုမြို့ကို ရမည်ဆိုလျှင် ရုရှား တပ်များအနေဖြင့် ယူကရိန်းဘက်က ထိန်းချုပ်ထားဆဲဖြစ်သော ဒွန်းဘတ်ခ်ပြည်နယ် အရှေ့ပိုင်းနှင့် အနီးအနားရှိ မဟာဗျူဟာကျသည့် ဘတ်မု (Bakhmut) မြို့တို့ကိုပါ ဆက်လက် သိမ်းပိုက်ရေးအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ဆိုလီဒါမြို့ ထိုးစစ်တွင် ရုရှား၏ နည်းဗျူဟာမှာ နောက်ထပ် စစ်သားများကို တိုက်ပွဲတွင်းသို့ ပို့ဆောင်ရေး ဖြစ် သည်ဟု မြို့အနီးရှိ ယူကရိန်းအရာရှိတစ်ဦးက အေပီသို့ ပြောသည်။

ယူကရိန်း၏ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်သူ ဟန်နာမယ်လ်ယာကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းတပ်များ အထိအခိုက်ရှိပြီး မောပန်းနေချိန်တွင် လေ့ကျင့်သား ပြည့်ဝသော တပ်သားသစ်များ၊ လေထီး တပ်သားများ သို့မဟုတ် အထူးတပ်ဖွဲ့များ စေလွှတ်ခြင်းဖြင့် ရုရှားသည် တိုက်ပွဲကို အနိုင်ရရှိရေး လုပ်ဆောင်နိုင် သည်ဟုလည်း အမည်မဖော်လိုသော ယူကရိန်းအရာရှိတစ်ဦးက ပြောသည်။

ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပတ်စ်ကော့ဗ်(Dmitry Peskov) ကလည်း ရုရှားစစ်သားများကို ချီးကျူးကာ စစ်သားများ၏ အနစ်နာခံမှုနှင့် သတ္တိရှိမှုတို့ကြောင့် ဆိုလီဒါထိုးစစ်ကို ရှေ့ရောက်အောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု ပြောသည်။

သို့သော် ယူကရိန်း၏ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်သူ ဟန်နာမယ်လ်ယာ(Hanna Malyar)က ရန်သူများသည် ထိုးစစ်ဆင်မှုကို လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း အောင်မြင်မှု မရှိသေးကြောင်းနှင့် အကျအဆုံး များနေကြောင်း ပြောခဲ့သည်။

Source: AP