CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၂၄

ယူကရိန်းနိုင်ငံ၏အရှေ့ပိုင်း၊ မြို့ငယ်တစ်မြို့ရှိ ဆေးရုံတစ်ရုံမှ သားဖွားမီးယပ်အဆောင်ကို ရုရှားဒုံးကျည်တစ်စင်း နိုဝင်ဘာ ၂၃ ရက်တွင် ကျရောက်ပေါက်ကွဲခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံး၍ ဆရာဝန်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ညပိုင်း ဒုံးကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် အဆိုပါမြို့ငယ်ရှိ ဆေးရုံအဆောင်များ ပြိုကျပျက်စီးခဲ့ရာ ဆေးဝါး ပစ္စည်းများ ပြန့်ကြဲနေခဲ့သည်။

ယခု တိုက်ခိုက်မှုသည် ရက်သတ္တတစ်ပတ်အတွင်း ဗီနီယန်ဆက်မြို့ငယ်ကို ဒုတိယအကြိမ် လူအသေအပျောက် ရှိအောင် တိုက်ခိုက်မှုဖြစ်ကြောင်း၊ အလားတူ ထပ်မံတိုက်ခိုက်လာမည်ကို စိုးရိမ်မိကြောင်း မြို့အုပ်ချုပ်ရေးမှူး နာတီလီယာယူရှင်ကိုက ပြောကြားခဲ့သည်။

ယူကရိန်းမြို့ငယ် တစ်ခုရှိ ဆေးရုံ တိုက်ခိုက်ခံရမှု မီးသတ်အဖွဲ့က ရှင်းလင်းနေစဉ် (AP)

“တိုက်ခိုက်မှု စတင်တာနဲ့ ပထမဆုံး S-300 ဒုံးကျည်တစ်စင်း လမ်းပေါ် ထိမှန်သွားခဲ့ပါတယ်။ နောက်ထပ် တစ်စင်း က ဆေးရုံပင်မ အဆောက်အအုံထဲက လူနာအများစုရှိတဲ့ သားဖွားမီးယပ်ဆောင်ထဲကို ကျလာပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်ကပဲ မီးဖွားထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကလေးလည်း သေဆုံးသွားခဲ့ပါတယ်။ ဒီဒုံးကျည်ကြောင့် ဒီကလေးရဲ့အသက်က နှစ်ရက်ပဲ ရှင်လိုက်ရတာပေါ့” ဟု ၎င်းက ရှင်းပြခဲ့သည်။

လွန်ခဲ့သော ၆ ရက်ကလည်း ရုရှားဒုံးကျည် တစ်စင်းက ၎င်းမြို့ရှိ တိုက်ခန်းတစ်ခန်းကို ထိမှန်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ရကြောင်း နာတီလီယာယူရှင်ကိုက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဒီမြို့မှာ ဆက်နေဖို့က အင်မတန် အန္တရာယ်များနေပါတယ်။ နောက်ထပ် အတိုက်ခံရဖို့က ၉၀ ရာခိုင်နှုန်း သေချာ နေပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

စည်ပင်ဝန်ထမ်းများသည် အဆောက်အအုံအချို့၏ အုတ်နံရံများ ပြိုကျမည့် အန္တရာယ်ကို လေ့လာနေကြပြီး နေဝင်ချိန်၌ အလင်းရောင်အဖြစ် မီးစက်များကိုသာ အားကိုးနေကြရသည်။ ထို့အတွက် မီးစက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် အလေးပေး လုပ်ဆောင်နေကြသည်။

ပျက်စီးသွားသည့် ဆေးရုံဝင်းအတွင်း ဖြတ်သန်းသွားလာခဲ့သူ နာတာလီယာပူးမန်းဆိုသူ အမျိုးသမီးကတော့ ယခု ဖြစ်စဉ်အတွက် သူမအနေဖြင့် ဒေါသထွက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယူကရိန်းမြို့ငယ် တစ်ခုရှိ ဆေးရုံ တိုက်ခိုက်ခံရမှု မီးသတ်အဖွဲ့က ရှင်းလင်းနေစဉ် (AP)

“ကျမမှာ ပြောစရာစကား‌တောင် မရှိတော့ဘူးရှင့်။ ခံစားချက်တွေလည်း ကင်းမဲ့ကုန်ပါပြီ။ တခြားလူတွေကတော့ ဘယ်လိုခံစားရမယ်တော့ မသိဘူး။ အစတေးခံရတဲ့ ဘဝတွေအတွက် သိပ်ကို နာကျင်ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဒုံးကျည် ကျရောက်ပေါက်ကွဲ၍ သေဆုံးခဲ့ရသည့် မွေးကင်းစ ကလေးငယ် ကီရီလိုနှင့် မိခင်တို့မှာ နိုဝင်ဘာ ၂၃ ရက် တွင် ဆေးရုံဆင်းခွင့် ရနေပြီဟု မြို့အုပ်ချုပ်ရေးမှူး ယူရှင်ကိုက ပြောကြားခဲ့သည်။

ယခုကဲ့သို့ တိုက်ခိုက်မှုကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ၊ အရေးပေါ် အခြေအနေများဆိုင်ရာ ဒုတိယ အကြီးအကဲ ဘော့ကစ်ချန်းက ရှုတ်ချခဲ့သည်။

“ဒီနေ့မနက်မှာ သားဖွားခန်း တစ်ခုထဲ ရှင်းလင်းရေး လုပ်နေတဲ့ ကယ်ဆယ်ရေး သမားတွေရဲ့ ကြေကွဲစရာ ပုံရိပ် တွေနဲ့ အမျိုးသမီးနဲ့ကလေးတွေဟာ ဒီစစ်ပွဲအတွက် အမြင့်ဆုံးတန်ဖိုး ပေးဆပ်နေရတယ်ဆိုတာ ပြသနေပါတယ်” ဟု ဘော့ကစ်ချန်းက မှတ်ချက်ချခဲ့သည်။

ရုရှားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက် စစ်ပွဲစတင်စဉ် ကတည်းက ယူကရိန်းဆေးရုံများကို အကြိမ်ကြိမ် ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သည်။ ယခုနှစ် မတ်လကလည်း မာရီယူပေါလ်မြို့ရှိ သားဖွားခန်း တစ်ခုအတွင်းမှ အမျိုးသမီးတစ်ဦးနှင့် မွေးကင်းစ ကလေးငယ်တို့မှာ ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရဖူးသည်။

Source: AP