CNI International News

တီဟီရန် (အီရန်)၊ နိုဝင်ဘာ ၁

ယမန်နှစ်က အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဖရိုဖရဲ ဆုတ်ခွာသွားပြီးနောက် အီရန်သို့ ထွက်ပြေး တိမ်း ရှောင်သွားသော အာဖဂန်(ကွန်မင်ဒို)အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကို ယခုအခါ ယူကရိန်းအား တိုက်ခိုက်ရန် အတွက် ရုရှားစစ်တပ်က စုဆောင်းထားကြောင်း အေပီသတင်းကိုကိုးကား၍ အယ်လ်ဂျာဇီးယားက ရေးသား ဖော်ပြသည်။

ရုရှားသည် ထောင်နှင့်ချီသော ယခင်ထိပ်တန်း အာဖဂန်ကွန်မင်ဒိုများကို ‘ပြည်ပရောက် ၎င်း၏တပ်ဖွဲ့” ထဲသို့ ဝင်ရန် ဆွဲဆောင်ခဲ့ပြီး ၎င်းနှင့်မိသားစုကို လုံခြုံရေးစိတ်ချရသော နေရာသို့ ပို့ဆောင်ပေးမည်ဟု ကတိပြုခဲ့ကြောင်း၊ တစ်လလျှင် လုပ်ခလစာ ဒေါ်လာ ၁,၅၀၀ ဖြင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း အာဖဂန်စစ်ဗိုလ်ချုပ်ကြီးဟောင်း ၃ ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

ရုရှား၏ ဆွဲဆောင်မှုကြောင့် အဆိုပါ ကွန်မင်ဒိုတပ်ဖွဲ့ဝင်များသည် တာလီဘန်များ အုပ်စိုးနေသော အာဖဂန် နစ္စတန်နိုင်ငံသို့ ပြန်ပို့ခြင်းဖြင့် အီရန်၏ ပြည်နှင်ဒဏ် ပေးမည့် အခြေအနေကို ရှောင်ရှားနိုင်ကြမည် ဖြစ်သည်။

“သူတို့က စစ်မတိုက်ချင်ပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိဘူး” ဟု ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည့် အဗ္ဗဒူရာဆွတ် အာဂန်ဒီဝဲလ် (Abdul Raof Arghandiwal) က ပြောကြားခဲ့သည်။

အီရန်ခေါင်းဆောင်နဲ့ ပူတင် တွေ့ဆုံစဉ် (GETTY IMAGES)

၎င်းအပါအဝင် အီရန်ရောက် အာဖဂန်ကွန်မင်ဒို ဆယ်ဂဏန်း (သို့မဟုတ်) ထို့ထက်များသော အရေအတွက်ကို ပြည်နှင်ဒဏ် ပေးမည့်အပေါ် စိုးရိမ်ထိတ်လန့် နေမိကြောင်း အဗ္ဗဒူရာဆွတ်အာဂန်ဒီဝဲလ် သတင်းမတ်ဆေ့ချ် စာသားပေးပို့၍ ပြောကြားထားသည်။

“သူတို့က ကျနော်တို့ ဘယ်လိုဖြေရှင်းကြမလဲ မေးကြတယ်။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ အာဖဂန်နစ္စတန် ပြန်သွားရင်တော့ တာလီဘန်တွေက ကျနော်တို့ကို သတ်မှာ သေချာတယ်” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

ထိုသို့ လူသစ်စုဆောင်းရေးကို ရုရှားစစ်တပ်၏ အစိတ်အပိုင်းဖြစ်သော ဝါဂနာအုပ်စု (Wagner Group) က ဦးဆောင်ဦးရွက်ပြုနေကြောင်း အာဂန်ဒီဝဲလ်က ရှင်းပြသည်။

တာဘီလန်များထံသို့ လွှဲအပ်ခြင်း မခံရမီ နောက်ဆုံး အချိန်အထိ နောက်ထပ် အာဖဂန် စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သော ဟီအဗ္ဗဒူလာ အလီဇိုင်းကို ရုရှားနိုင်ငံတွင် နေထိုင်ပြီး ရုရှားဘာသာစကား ကျွမ်းကျင်သည့် အာဖဂန် အထူးတပ်ဖွဲ့မှူးဟောင်းတစ်ဦးက ကူညီစောင့်ရှောက်ထားကြောင်း သိရသည်။

အာဖဂန်အထူးတပ်ဖွဲ့နှင့် ပူးတွဲတိုက်ခိုက်ခဲ့ဖူးသော အမေရိကန်စစ်သားများထံမှ သတိပေးချက်များကို ရုရှားက စုဆောင်းပြီး သတင်း တည်ဆောက်ထားခဲ့သည်။

ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည့် အဗ္ဗဒူရာဆွတ် အာဂန်ဒီဝဲလ် (GETTY IMAGES)

အဆိုပါ သတိပေးချက်များတွင် တာလီဘန်တို့က ၎င်းတို့ကို သတ်ဖြတ်ရန် ကြံရွယ်နေကြောင်း၊ ၎င်းတို့ အသက် ဆက်နိုင်ရန် (သို့မဟုတ်) မဟာမိတ်ဟောင်း စိတ်မငြိုငြင်စေရန် အမေရိကန်နှင့် မဖြစ်မနေ ပူးပေါင်းရန် ဦးတည် ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် အမေရိကန်နိုင်ငံ၊ ရီပက်ဘလစ်ကန်ပါတီ၏ လွှတ်တော်(ကွန်ဂရက်)သို့ တင်သွင်းသော အစီရင်ခံစာ တစ်စောင်တွင် အမေရိကန်ရေတပ် (Navy SEALs) နှင့် အစိမ်းဘီရက်တပ် (Army Green Berets) တို့၏ လေ့ကျင့်သင်ကြားပေးခြင်း ခံခဲ့ဖူးသည့် အာဖဂန်ကွန်မင်ဒိုများ၏ အန္တရာယ်ကို အထူးသတိပေးခဲ့သည်။

၎င်းသည် အစ္စလာမ္မစ်နိုင်ငံတော်(IS) အဖွဲ့၊ အီရန် (သို့မဟုတ်) ရုရှားတို့ထံသို့ အမေရိကန်၏ စစ်ရေးနည်းဗျူဟာ များအကြောင်း သတင်းပေးနိုင်ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Source: Aljazeera