CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံသည် ရုရှား၏ ရေရှည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သမ္မတပူတင်တို့ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus တွင် စက်တင်ဘာ ၇ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းသည်။

ရုရှားသမ္မတပူတင်က “ မြန်မာနိုင်ငံဟာ ရုရှားရဲ့ ရေရှည်ပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက် ဖြစ်ပါတယ်။ လာမယ့် နှစ်မှာဆိုရင် ကျနော်တို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါမယ်။ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံ ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်းကောင်းတိုးတက်နေပါတယ်။ အရှေ့ဖျား စီးပွားရေးဖိုရမ်ကို ကျနော်တို့ ဖိတ်တာ လက်ခံရောက်ရှိလာလို့ ကျေးဇူးအများကြီးတင်ပါတယ်”ဟု ပြောသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သလို ရုရှားသမ္မတ ပူတင် သည် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေးက ၇၅ နှစ်ပြည့် ကာလရောက်ရှိခဲ့ပြီးဖြစ်ပါ တယ်။ ဒါကြောင့် ထူးခြားတဲ့ သမိုင်း ကြောင်းရှိတယ်လို့ ကျနော်တို့ ပြောရပါလိမ့်မယ်။ ဒီလို ကာလအတွင်းမှာ လည်း ဖြစ်ပေါ်ပြောင်းလဲမှုက အနိမ့် အမြင့် အများကြီး ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ လွန်ခဲ့တဲ့ ၁၀ စုနှစ် နှစ်စု ကျော်လောက်က စပြီး မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံနဲ့ဆက်ဆံရေးဟာ သိသိသာသာ ကောင်းမွန်လာတဲ့ အနေအ ထား ရှိတာကို ကျနော်တို့ တွေ့ပါတယ်။ ရုရှားနိုင်ငံကလည်း သမိုင်းအစဉ်အလာ ကြီးမားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အခြေအနေမှာ အခက်အခဲများစွာ ရှိခဲ့ပေမယ့် အဲဒါကို ကျော်လွှားခဲ့ ပြီးတော့မှ အဆွေတော် တာဝန်ယူခဲ့ပြီး တော့မှ ဆယ်စုနှစ်ကာလအတွင်းမှာ ရုရှားနိုင်ငံတော်ဟာ တကယ်ကို ကြီးကျယ်တဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု အနေနဲ့ရောက်ရှိနေတာဖြစ်ပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်မှု ကြောင့် ရုရှားနိုင်ငံ အခုလို ထိပ်တန်း နိုင်ငံ ဖြစ်လာတာကြောင့် အဆွေတော်ရဲ့ ခေါင်းဆောင်မှုကို ချီးကျူးဂုဏ် ပြုပါတယ်။ အဆွေတော်ဟာ ကမ္ဘာ့ခေါင်း ဆောင်တစ်ဦး ဖြစ်ပြီးတော့မှ ကမ္ဘာ့အရေးအခင်း ကိစ္စများကိုလည်း သမာသမတ်ရှိရှိ မှန်မှန်ကန်ကန်နဲ့ လုပ် ဆောင်နေတာကိုလည်း ကျနော်တို့ တွေ့ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ ကိုယ်စားပြုပြီး စက်တင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၈ ရက်နေ့အထိ သွားရောက်လျက်ရှိသည်။

အဆိုပါ ရုရှားခရီးစဉ်အတွင်း နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ရုရှား-မြန်မာ နှစ်နိုင်ငံ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သလို စီးပွားရေး၊ နည်းပညာ၊ စစ်ရေးများ ပူးပေါင်းဆောင်ရွက်ရေးလည်း ဆွေးနွေးခဲ့ကြသည်။