CNI International News

မယ်လ်လီတိုပို၊ ဩဂုတ် ၁၆

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဇာပိုရေဇီးယားဒေသ (Zaporozhye) တွင် ရုရှားနိုင်ငံသား ဖြစ်ခွင့်အတွက် လျှောက်ထားသူပေါင်း ၃ သောင်းကျော်ရှိခဲ့ကြောင်း ဒေသန္တရာ စစ်ဘက်၊ အရပ်ဘက်အုပ်ချုပ်ရေး အကြီးအကဲ ယွတ်ဂျီနီဘဲလစ်စကီ (Yevgen Balitsky) က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြသည်။

“ဇာပိုရေဇီးယားဒေသမှာ နေထိုင်သူတွေထဲက ရုရှားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှု ပိုများလာပါတယ်။ ဒီနေ့ အထိ လိုအပ်တဲ့ စာရွက်စာတမ်း ပြည့်စုံတဲ့ လျှောက်လွှာ ၃ သောင်းကျော်ကို သက်ဆိုင်ရာဌာနတွေက စဉ်းစားပေး နေပါတယ်။ သက်သေခံ လက်မှတ်ထုတ်ပေးဖို့ လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတဲ့အချိန်မှာ သီးခြားကိစ္စရပ်တွေကို ဖြေရှင်းဖို့ ယန္တရားတွေ ဆက်ပြီး လုပ်ဆောင်ပေးပါတယ်” ဟု ဘဲလစ်စကီက ၎င်း၏ တယ်လီဂရမ် ချန်နယ်တွင် ရေးသားလွှင့်တင်ခဲ့သည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ်

သက်သေခံ လက်မှတ်များ ထုတ်ပေးရန်အတွက် ဌာန ၁၂ ခု ဖွင့်လှစ်ထားရာ မယ်လ်လီတိုပိုမြို့တွင် ၃ ခု၊ ဘာဒင် ညက်မြို့တွင် ၂ ခု၊ အကီမိုဗကာတွင် ၁ ခု၊ ပရီယာဇော့ဗ်တွင် ၁ ခု၊ တုက်မက်တွင် ၁ ခု၊ မီခေးလ်လိုဗာတွင် ၁ ခု၊ ဒနီ ပရို ပရူဒနီတွင် ၁ ခု၊ အနာဂိုဒါတွင် ၁ ခုနှင့် ကမင်ကာတွင် ၁ ခုတို့ဖြစ်ကြောင်း ဘဲလစ်စကီ၏ အဆိုအရ သိရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနိုင်ငံ ဇာပိုရေဇီးယားနှင့် ခါဆွန်ဒေသများ၌ နေထိုင်သူများအတွက် သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံလုပ်နည်းကို ရိုးရှင်းလွယ်ကူစေရေးအတွက် ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် လက်မှတ်ရေးထိုး ပြဋ္ဌာန်း ပေးခဲ့ပြီး ဖြစ်သည်။

Source: တာ့စ်သတင်းဌာန