CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကနှင့်တွေ့ဆုံ ဆွေးနွေးရန် ယနေ့ (သြဂုတ် ၃ ရက်) နေပြည်တော်သို့ ရောက်ရှိလာခဲ့ သည်။

SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်ပြီး ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စိုင်းနော်လိတ်၊ စိုင်းဖုန်းဟန်တို့ ပါဝင်ကြသည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် SSPP ကိုယ်စားလှယ် အဖွဲ့တို့ သြဂုတ် ၄ ရက်နေ့မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီးပါက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ ပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ် သည်။

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က တွေ့ဆုံ ဆွေးနွေးစဉ်

လက်ရှိတွင် တပ်မတော်နှင့် SSPP ကြား ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း သုံးခုကို တပ်မတော်က နောက်ဆုတ်ခိုင်းခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုများဖြင့် ရင်ဆိုင်နေကြရသည်။

ထိုသို့ စစ်ရေးတင်းမာမှုများကြားမှာပဲ ယခုတွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်က တွေ့ဆုံစဉ်

SSPP အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော အချိန်က တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်သည်။

တခြားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်မှ ဇူလိုင် ၇ ရက်နေ့အတွင်း နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံ ဆွေးနွေးထားခဲ့ကြပြီး ဖြစ်သည်။